လီဗာပူးအသင်းအပေါ် သူ့ရဲ့ ချစ်ခြင်းတွေကို ဖွင့်ချလာတဲ့ ဘရန့်ဖိုဒ့် တိုက်စစ်မှူး တိုနေး

ဘရန့်ဖိုဒ့် တိုက်စစ်မှူး တိုနေးက သူဟာ လီဗာပူးအသင်းကို ငယ်စဉ်တည်းက အားပေးတဲ့ အမာခံ ပရိသတ်ဖြစ်တယ်လို့ ထုတ်ပြောလာပါတယ်။

အင်္ဂလန်တိုက်စစ်မှူးက အက်ဖ်အေရဲ့ ၈ လ ပွဲပယ် ပြစ်ဒဏ်ကို ရင်ဆိုင်နေရပြီး ပွဲကစားနိုင်ခြင်း မရှိသေးပါဘူး။ ဘောလုံးကစားရခြင်း မရှိချိန် podcast အစီအစဉ်မှာ ပါဝင်ရင်း သူဟာ လီဗာပူး ပရိသတ်ဖြစ်ကြောင်း ဝန်ခံခဲ့ပေမယ့်လို့ ဒါဟာ အနာဂတ်မှာ လီဗာပူးအသင်းထံ ပြောင်းရွှေ့မယ်လို့ မဆိုလိုပါဘူး။

တိုနေးက ” ကျနော် အသင်းပြောင်းဖြစ်ခဲ့ရင် ပြောင်းရွှေ့မယ့် ကလပ်က ကျနော်အတွက် မှန်ကန်တဲ့ ကလပ်မျိုး ဖြစ်လာပါလိမ့်မယ်။

ကျနော့် ဘဝတစ်လျှောက်လုံး လီဗာပူးအသင်းကို အားပေးလာခဲ့တာပါ။ ကလေးဘဝတည်းကပါပဲ။ ကျနော် အာဆင်နယ်ပွဲတွေ ကြည့်ရတာကိုလည်း ကြိုက်ပါတယ်။ သူတို့ကစားဟန်ကိုပေါ့။

ဒါပေမယ့် သေချာတာကတော့ ကျနော်က လီဗာပူးပရိသတ်ပါ။ နှလုံးသားထဲကနေ လီဗာပူးကို အားပေးသူ တစ်ဦးပါ ” လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

တိုနေးဟာ လောင်းကစားမှုကြောင့် ၈ လ ခန့် ပွဲပယ်ခံထားရပြီး ဒီအခြေအနေက သူ့အတွက် ခက်ခဲကြောင်း ဝန်ခံပါတယ်။ ပရီးမီးယားလိဂ်ဟာ လောင်းကစား ကုမ္ပဏီတွေကို ပိုမို ထိန်းချုပ်လာနေပြီး စပွန်ဆာအဖြစ် ရင်ဘတ်မှာ ပါဝင်ခွင့် မပေးတော့တာ ဖြစ်ပါတယ်။