လီဗာပူးအသင်း အပြောင်းအရွှေ့မှာ လူသစ် ခေါ်ယူသွားဖို့ ရှိနေသေးလား? မေးခွန်းအတွက် နောက်ဆုံးရထားတဲ့ သတင်းတွေကို အခြေခံပြီး အတိုချုံး ရှင်းပြသွားပါမယ်။ အသင်းရဲ့ အခြေအနေအကြောင်း information ပေးတာဖြစ်ပြီး ဘယ်သူ ဘယ်သူကို ခေါ်ရမယ်ဆိုတဲ့ ပါဝါက ကျနော်တို့ လက်ထဲမှာ မရှိတာကို နားလည်စေလိုပါတယ်။
လီဗာပူးအသင်း ကွင်းလယ်ခံစစ် ထပ်ခေါ်မှာလား?
မခေါ်တော့ပါဘူး။ အန်ဒိုကို ကွင်းလယ်ခံစစ်နေရာအတွက် ခေါ်ထားခဲ့တာပါ။ ကလော့ပ်နဲ့ လီဗာပူးသတင်းထောက်တွေကတော့ နည်းပြက ကွင်းလယ်ခံစစ်သမား ရမှကို ဖြစ်မယ်လို့ ပိုင်ရှင်ဖြစ်သူတွေကို အသိပေးပြီး အန်ဒိုကို အရခေါ်ခဲ့တာလို့ သိရပါတယ်။ အန်ဒိုကိုပဲ နေရာပေးဖို့ ရှိပါတယ်။
လီဗာပူးအသင်း ဗဟိုခံစစ်မှူး ခေါ်ဦးမှာလား?
ဘွန်ဒက်လီဂါဘက်က ခံစစ်သမား အချို့နဲ့ သတင်းထွက်နေပါတယ်။ သတင်းတွေက ဂျာမနီဘက်က လာတာပါ။ အခုထိ လီဗာပူး သတင်းထောက်တွေဘက်က ဖော်ပြလာသူ မရှိပါဘူး။ မခေါ်မယ့် အခြေအနေလို့ ပြောနိုင်ပါတယ်။
လီဗာပူးအသင်း လူသစ် ခေါ်ဦးမှာလား?
လူသစ်အတွက် ကြိုးစားနေတဲ့ အထဲမှာ ဂရာဗင်ဘက်ချ်နဲ့ ဒိုကူရေတို့ ပါဝင်ပါတယ်။ ဒိုကူရေအတွက် ပဲလေစ့်ဘက်က ပေါင် သန်း ၆၀-၇၀ ကြား တောင်းဆိုခဲ့တာမို့ အပြောင်းအရွှေ့ ဖြစ်ဖို့ ခက်ခဲလာပါတယ်။ ပါလင်ညာအတွက် ဖူလ်ဟမ်ဘက်က ပေါင် သန်း ၇၀ တောင်းဆိုတာမို့ အဆင်မပြေပါဘူး။
လက်တလောမှာ လီဗာပူးအသင်းက ဘိုင်ယန်မြူနစ် တာဝန်ရှိသူတွေနဲ့ အသက် ၂၁ နှစ်အရွယ် နယ်သာလန်သား ဂရာဗင်ဘက်ချ် ကိစ္စ စကားပြောမှု ရှိပါတယ်။ ဘိုင်ယန်ဘက်က ကွင်းလယ်လူကို မရောင်းလိုဘဲ ၃ နေရာလောက် ကစားနိုင်တဲ့ ကြယ်ပွင့်ကို အရန်စာရင်းမှာ ဆက်မြင်လိုပါတယ်။
ကစားသမားကတော့ သူ့ကို ခေါ်ယူခဲ့တဲ့ ဘိုင်ယန် တာဝန်ရှိသူတွေ အသင်းက ထွက်သွားပြီမို့ နည်းပြတူချယ် လက်အောက် နေရာမရနိုင်တာကို နားလည်ပါတယ်။ ဒီနွေမှာတင် ဘိုင်ယန်ကထွက်ပြီး အင်္ဂလန်လိဂ်ကို ပြောင်းလိုနေပါတယ်။ ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ သူ့ကို ခေါ်ယူတာမျိုး ဖြစ်လာနိုင်ဆဲပါ။
လီဗာပူး လူသစ် ထပ်မရတာ ဖြစ်လာနိုင်လား?
ဖြစ်လာနိုင်ပါတယ်။ အဓိက ပြဿနာက အန်ဖီးကွင်း တိုးချဲ့မှုနဲ့ သက်ဆိုင်ပါတယ်။ မူလက ဒီရာသီမှာ အန်ဖီးကွင်းအတွင်း ပရိသတ် ၆၁၀၀၀ ဝင်နိုင်ဖို့ပါ။ ဆောက်လုပ်ရေး ကုမ္ပဏီဘက်က ပြဿနာတတ်နေလို့ ကွင်းတိုးချဲ့မှု ရပ်ဆိုင်းထားပါတယ်။ ဘယ်လောက်ကြာမယ် မသိပေမယ့် ဖူလ်ဟမ်ကွင်းကိုလည်း အဆိုပါအဖွဲ့ကပဲ တာဝန်ယူထားပြီး ၂ နှစ်လောက် နောက်ကျသွားမယ်လို့ သိရပါတယ်။
လက်တလောမှာ ကွင်းဟာ ပရိသတ် ၅၁၀၀၀ ထိ ဧည့်ခံနိုင်အောင် ကြိုးစားပေမယ့် ဘုန်းမောက်ပွဲမှာ ၅၀၀၀၀ တောင် မပြည့်ခဲ့ပါဘူး။ ချန်ပီယံလိဂ် မဝင်တဲ့အပြင် ကွင်းဝင်နိုင်မယ့် ပမာဏ လျော့ကျခြင်းကြောင့် ပေါင် သန်း ၂၀ လောက် နစ်နာနိုင်တဲ့ အခြေအနေမျိုး ရောက်နေတာမို့ လူသစ် မရတာလည်း ဖြစ်လာနိုင်ပါတယ်။