အပြောင်းအရွှေ့၊ အားကစားဒါရိုက်တာ၊ ရင်းနှီးမြုပ်နှံမှုသစ် အပါအဝင် ကလော့ပ်နဲ့ ဂျွန်ဟင်နရီတို့ တွေ့ဆုံမှုမှာ ဆွေးနွေးခဲ့ကြဖွယ်ရှိတဲ့ ကိစ္စကြီး (၅) ရပ်

ဗုဒ္ဓဟူးနေ့က ဝက်ဟမ်းကို လီဗာပူးအသင်း အနိုင်ရခဲ့တဲ့ပွဲကို ကြည့်ဖို့ လန်ဒန်ကွင်းရဲ့ ပွဲကြည့်စင်မှာ အသင်းပိုင်ရှင် ဂျွန်ဟင်နရီ ရှိနေခဲ့ပါတယ်။

အသင်းရဲ့ပွဲကို ပိုင်ရှင်ဖြစ်သူ လာကြည့်တာဟာ တခြားသူတွေ အံ့ဩခဲ့ကြပေမယ့် ကလော့ပ်အတွက်တော့ မဟုတ်ခဲ့ပါဘူး။ လီဗာပူးနည်းပြဟာ ပွဲကြိုမှာကတည်းက ဟင်နရီနဲ့ တွေ့ခဲ့ပြီးသားဖြစ်ပြီး စကားတွေ ပြောခဲ့ကြပြီး ဖြစ်ပါတယ်။ သူတို့နှစ်ဦး ဆွေးနွေးခဲ့နိုင်တဲ့ အကြောင်းတွေက ဘာတွေဖြစ်မလဲ..

(၁) ဝက်စ်ဟမ်းပွဲ

ပွဲမတိုင်ခင် တွေ့ခဲ့တာဆိုတော့ ပွဲနဲ့ ပတ်သက်တဲ့ နည်းဗျူဟာတွေ၊ အသင်းရွေးချယ်မှုနဲ့ တခြားအကြောင်းတွေ ဆွေးနွေးခဲ့မှာ သေချာပါတယ်။ ဟင်နရီက ကံကောင်းပါတယ်။ သူက နိုင်တဲ့ပွဲတွေကိုပဲ ကြည့်ခဲ့ရတာပါ။ ဒီရာသီ သူလာကြည့်ခဲ့တဲ့ နှစ်ပွဲလုံး အနိုင်ရခဲ့ပါတယ်။ ဝက်စ်ဟမ်းကို နိုင်ခဲ့တဲ့ပွဲဟာ ဘုန်းမောက်ကို ၉-၀ နဲ့ နိုင်ခဲ့တုန်းကလောက် ဖျော်ဖြေမှု မပေးခဲ့ပေမယ့် ဂက်ပိုနဲ့ မာတစ်တို့ရဲ့ ဂိုးတွေနဲ့ လိဂ် ၃ပွဲဆက် အနိုင်ရခဲ့တာပါ။

(၂) ရာသီအခြေအနေ ဝေဖန်သုံးသပ်ခြင်း

လီဗာပူးဟာ ဒီရာသီ တလျှောက်လုံး ရုန်းကန်ခဲ့ရတယ်လို့ ကလော့ပ်က ဝန်ခံထားပါတယ်။ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ခဲ့ခြင်း မရှိသလို အက်ဖ်အေနဲ့ ကာရာဘောင်းတွေကို စတုတ္ထအဆင့်နဲ့ ပြုတ်ကျရစ်ခဲ့တာပါ။ ချန်ပီယံလိဂ်မှာလည်း ၁၆သင်း အဆင့်မှာတင် ထွက်ခဲ့ရပါတယ်။ မနှစ်က ဖလားလေးလုံး လမ်းကြောင်းပေါ် ရှိခဲ့တဲ့ အသင်းက ဘာတွေ မှားယွင်းခဲ့လဲဆိုတာကို ဟင်နရီက အသေးစိတ် သိချင်နေလောက်မှာပါ။

(၃) အပြောင်းအရွှေ့ အစီအစဉ်တွေ

ဟင်နရီနဲ့ FSG ဟာ ငွေသုံးပြီး ကလော့ပ် လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ လိုတယ် ဆိုတာ သိပါလိမ့်မယ်။ ကွင်းလယ်က အလိုအပ်ဆုံးနေရာဖြစ်ပြီး အနည်းဆုံး ၂ယောက်လောက် အသစ်ရောက်လာနိုင်ပါတယ်။ ဘယ်လင်ဟမ် လာမှာမဟုတ်ဘူးဆိုတာ လက်ခံထားပြီးဖြစ်ပေမယ့် အဲ့အစားဘယ်သူတွေကို ခေါ်မလဲဆိုတာတော့ မသိရသေးပါဘူး။

မေဆန်မောင့်၊ ဂရာဗင်ဘက်ချ်၊ မက်သဲယက်နူနက်စ်၊ နီကိုလို ဘာရယ်လာတို့လို ကစားသမားတွေနဲ့တော့ ချိတ်ဆက်မှု ရှိနေခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ရမရဆိုတဲ့အပေါ် မူတည်ပြီး အသင်းရဲ့ ပစ်မှတ်စာရင်းက နှစ်ခုရှိနေလောက်ပါတယ်။

(၄) အားကစားဒါရိုက်တာ ရှာဖွေခြင်း

ဂျူလီယန်ဝတ် နေရာမှာ အစားထိုးဖို့ အားကစားဒါရိုက်တာအသစ် ရှာဖွေမှုနဲ့ ပတ်သက်ပြီး ကလော့ပ်ကို မေးမြန်းရာမှာ သူဝင်မပါပေမယ့် ကြားရသလောက် အဆင်ပြေနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ အားကစားဒါရိုက်တာ အလုပ်ဟာ လီဗာပူးအတွက် အတော်လေးကို အကျိုးဖြစ်ထွန်းခဲ့ပြီး အားကျစရာ လိမ္မာပါးနပ်မှုနဲ့ ခေါ်ယူမှုများစွာ လုပ်ပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးမှာ ဒါရိုက်တာအသစ် ခန့်အပ်ဖို့ အလောတကြီး ဆုံးဖြတ်မှာမဟုတ်ပါဘူး။ သင့်တော်တဲ့သူကိုရဖို့၊ အပြောင်းအလဲကာလ အဆင်ပြေပြေဖြစ်သွားဖို့အတွက် အချိန်ယူ စဉ်းစားသွားမှာ ဖြစ်ပါတယ်။

(၅) ရင်းနှီးမြုပ်နှံမှု

FSG က လီဗာပူးကို ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ဈေးကွက်ထဲ တင်လိုက်တာပါ။ FSG ဟာ လီဗာပူးကို အသင်းလိုက် ရောင်းချမှာ မဟုတ်ဘဲ ရင်းနှီးမြုပ်နှံသူတွေကိုသာ ရှာဖွေနေတာဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုအသစ်တွေ ရလာရင် အပြောင်းအရွှေ့ ကိစ္စတွေမှာ ကလော့ပ်ကို ပံ့ပိုးပေးနိုင်မှာဖြစ်ပြီး ဘယ်သူတွေ ဘုတ်အဖွဲ့ထဲ ပါဝင်လာမလဲဆိုတာကို ကလော့ပ်လည်း သိချင်နေပါလိမ့်မယ်။