ပေါင်းစပ် ဖွဲ့စည်းမှုတွေ ပါဝင်တဲ့ ကလော့ပ်ရဲ့ စနစ်သစ်နဲ့ ပတ်သက်ပြီး မာတစ်ရဲ့ အမြင်

ဒီရာသီမှာ လီဗာပူးအသင်းဟာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာနေပြီး ပေါင်းစပ် ဖွဲ့စည်းမှုတွေ ပါဝင်တဲ့ စနစ်သစ်အတွက် ထောက်တိုင်တွေကလည်း ပြောင်းလဲလာပါပြီ။

မာတစ်ကတော့ ကစားကွက်အသစ်ဟာ သူ့ရဲ့ ပင်ကိုယ် ကစားဟန်အပေါ် သက်ရောက်မှု ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့်လို့ ကလော့ပ်ရဲ့ စနစ်သစ်ဟာ ရေရှည်မှာ အကျိုးဖြစ်လိမ့်မယ်လို့ ခံစစ်မှူးက လက်ခံထားပါတယ်။

“ ကျနော်အတွက်တော့ မတူညီတဲ့ အခြေအနေတွေဖြစ်ပါတယ်။ ကျနော် အသားကျဖို့ လိုပါတယ်။ ဘောလုံးရာသီထဲ ဝင်လာလေ ပိုကောင်းလာလေ ဖြစ်လာမှာပါ။ ညာအစွန်လူက ညာခြမ်းမှာ မရှိတော့တာမို့ မတူညီတဲ့ အခြေအနေတွေကို စဉ်းစားလာရတော့မှာ ဖြစ်ပါတယ်။

ကျနော်တို့ အသားကျလာရမယ် တချိန်တည်းမှာပဲ ကစားသမားအချို့ ကွင်းလယ်ကို ဝင်လာနေပါတယ်။ အမြဲတမ်း အကောင်း အဆိုး အခြေအနေတွေတော့ ရှိတာပေါ့ဗျာ။ ပြီးပြည့်စုံတဲ့ စနစ်ရယ်လို့ မရှိပါဘူး။ ကိုယ်ကစားရတဲ့ စနစ်မှာ သက်ဝင် လှုပ်ရှားဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ စနစ်ကို ကျနော်ကတော့ ယုံကြည်မှု ရှိပါတယ် ” လို့ မာတစ်က ပြောပါတယ်။

ဧပရယ်လမှာ စနစ်သစ်ကို ပြောင်းပြီးတည်းက လီဗာပူးအသင်းဟာ ရှုံးပွဲ မရှိသေးပါဘူး။ တိုက်စစ်နဲ့ ခံစစ်ပိုင်းဆိုင်ရာ ရှုထောင့်တွေဟာ အရင်နှစ်တွေကနဲ့မတူ အများကြီး ပြောင်းလဲသွားပေမယ့် အဓိက အပြောင်းအလဲက ကွင်းလယ်တန်းဟာ ဆိုဘို၊ မာကာ၊ အန်ဒိုတို့လို လူသစ်တွေဖြစ်လာခဲ့ပါတယ်။

“ အရင်ကနဲ့ မတူညီတော့တဲ့ ကစားသမားတွေက ကျနော်တို့ ရှေ့မှာ ရှိလာနေတယ်။ အရည်အချင်းရှိ ကစားသမားအချို့ကို ဆုံးရှုံးခဲ့ပေမယ့် ထူးချွန်တဲ့ ကစားသမား အချို့ကို ပြန်ရလိုက်ပါတယ်။ တည်ကန်ဘော သိပ်ကောင်းတဲ့သူတွေလည်း ရလာပါတယ်။ ရှေ့ဆက်ဖို့ရာ ကျနော်ကတော့ ယုံကြည်ချက် ရှိပါတယ်

ဒီအပြောင်းအလဲကို အသားကျဖို့လိုတယ်၊ အချင်းချင်း ကူညီဖို့ လိုပါတယ်။ ဗဟိုခံစစ်သမားတွေဟာ ကိုယ့်ရှေ့က နံပါတ် ၆ သမားနဲ့ အမြဲတမ်း ဆက်သွယ်နေရပါတယ်။ ကျနော်တို့က နံပါတ် ၆ သမားကို ကူညီရတယ်၊ နံပါတ် ၆ သမားက ကျနော်တို့ကို ပြန်ကူညီရပါတယ် ” လို့ မာတစ်က ရှင်းပြခဲ့ပါတယ်။

မနှစ်က အလုပ်ဖြစ်ခဲ့တဲ့ စနစ်သစ်ဟာ ဒီရာသီ အစမှာတော့ အားပျော့တဲ့ အခြေအနေကော အကောင်းမြင်စရာ အခြေအနေပါ မြင်ထားရပါတယ်။ ရေရှည်မှာတော့ မာတစ် ပြောသလို အလုပ်ပိုဖြစ်လာနိုင်ဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။