NEWS: အန်ဒရီအတွက် ကမ်းလှမ်းမှု ပယ်ချခံရ၊ အပြောင်းအရွှေ့ ဖြစ်ရေး လီဗာပူးမှာ ရွေးချယ်စရာ နှစ်ခု ရှိမည်

ဖလူးမီးနက်စ် ကွင်းလယ်လူ အန်ဒရီအတွက် လီဗာပူးအသင်းရဲ့ ယူရို သန်း ၃၀ တန် ကမ်းလှမ်းမှု ပယ်ချခံလိုက်ရကြောင်း ဘရာဇီးသတင်းတွေကို ကိုးကားပြီး သတင်းထောက် David Lynch က ဖော်ပြသွားပါတယ်။

လီဗာပူးအသင်းဟာ လာဗီယာ၊ ကိုင်ဆီဒိုတို့အတွက် ကြိုးစားနေခဲ့စဉ်တည်းက အသက် ၂၂ နှစ်အရွယ် ဘရာဇီးသားကိုလည်း ချိတ်ဆက်မှု လုပ်နေခဲ့တာပါ။ ကလပ်ဟာ ဒီအပတ်မှာတော့ အန်ဒရီအတွက် နှုတ်အားဖြည့် ကမ်းလှမ်းမှု စတင်လိုက်တာ ဖြစ်ပါတယ်။

ဖလူမီးနက်စ် အသင်းကတော့ ဇန်နဝါရီထိ အန်ဒရီကို ဆက်ထိန်းလိုနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ရေး ခက်ခဲနေပြီး နွေစျေးကွက် deadline နေ့ မတိုင်ခင် ခေါ်ယူရေး ကိစ္စ ပြီးမြောက်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။

ရီယို အခြေစိုက် ကလပ်က ဩဂုတ်လ ၂၅ ရက်နဲ့ စက်တင်ဘာလ ၁ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားမယ့် Copa Libertadores ဖလား ကွာတားဖိုင်နယ် ၂ ကျော့လုံးအတွက် အန်ဒရီကို ဆက်ထိန်းလိုနေတယ်။ ဒီအဆင့်ကို ကျော်လွန်ခဲ့ရင်လည်း အန်ဒရီကို ပိုမို လိုအပ်လာဦးမှာ ဖြစ်ပါတယ်။

တရားဝင် ကမ်းလှမ်းမှု မတိုင်ခင်မှာ လီဗာပူးအသင်းက ဖလူမီးနက်စ် အသင်းသမိုင်း အမြင့်ဆုံး ကစားသမားရောင်းချမှု စံချိန်ဖြစ်စေမယ့် ယူရို သန်း ၃၀ ကို ပေးခဲ့တာဖြစ်ပေမယ့် အဆင်မပြေခဲ့တာပါ။

အခုချိန်မှာ လီဗာပူးအတွက် ရွေးချယ်စရာ ၂ ခုရှိနေပြီး ဇန်နဝါရီ စျေးကွက်ထိ စောင့်ဆိုင်းဖို့ ဒါမှမဟုတ် စာချုပ်ပါကြေး ယူရို သန်း ၄၀ ပေးကာ ဒီစျေးကွက်မှာတင် ခေါ်ယူသွားဖို့ ဖြစ်ပါတယ်။

၂၀၂၀ မှာ ဖလူမီးနက်စ် အကယ်ဒမီကနေ စီနီယာအသင်းကို ရောက်လာပြီးတဲ့နောက် အန်ဒရီဟာ ပွဲပေါင်း ၁၄၀ ခန့် ပါဝင်ကစားထားခဲ့တယ်။ သူဟာ ဘရာဇီးအသင်းက ဆီနီဂေါအသင်းကို ၄-၂ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ စီနီယာ လက်ရွေးစင်အဖြစ် ၁၄ မိနစ် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။