

ဟန်ဂေရီက ရှေးလူကြီးတွေကြား သီအိုရီ တစ်ခုရှိပါတယ်။ ခြေထောက် သေးသေးလေးတွေ ရှိတဲ့ ကစားသမားတွေက ကောင်းချီးပေးခံရတတ်ပြီး ဘောလုံးသမားအဖြစ် ပိုအောင်မြင်နိုင်မယ့် အခွင့်အရေး ရှိပါတယ်တဲ့။
ဟန်ဂေရီ ဘောလုံးသမိုင်းမှာ ဂန္တဝင်တစ်ဦးဖြစ်တဲ့ Ferenc Puskas ဟာ ကမ္ဘာမြေရဲ့ ဆွဲငင်အားကနေ ရုန်းထကစားဖို့ရာ သေးငယ်တဲ့ ခြေထောက်လေးတွေ ရှိပါတယ်။ ဒါဟာ မာရာဒိုနာနဲ့ အလားတူပဲဖြစ်ပြီး သူတို့ဟာ ပြင်းထန်တဲ့ ကန်ချက်နဲ့ မြန်ဆန်တဲ့ ဘောလုံး ရွေ့လျားမှုကို လုပ်နိုင်ကြပါတယ်။
ဥရောပဘောလုံးလောကထိ ထိုးဖောက်ခဲ့တဲ့ Puskas ရဲ့ ခြေထောက် သေးသေးလေးတွေကြောင့်ပဲ ဂန်ဟေရီနိုင်ငံမှာတော့ နည်းပြတွေဟာ သူတို့ရဲ့ ကြယ်ပွင့်တွေ တောက်ပလာရေးအတွက် သေးငယ်တဲ့ ခြေထောက် ပိုင်ရှင်လေးတွေဖြစ်ဖို့ ငယ်စဉ်တည်းက ပျိုးထောင်ခံရလေ့ ရှိပါတယ်။
အရပ် ၆ ပေ ၁ လက်မမြင့်တဲ့ လီဗာပူးကွင်းလယ်လူ ဆိုဘိုစလိုင်ရဲ့ ဖိနပ်ဆိုဒ်ဟာ UK 7 (U.S.9) ပဲရှိပါတယ်။ သူ ခန္ဓာကိုယ် အရွယ်နဲ့ဆိုရင် သူဖိနပ်ဆိုဒ်ဟာ နည်းနည်းသေးနေတယ်လို့ သိရတယ်။ သူဟာ ဘောလုံး အနှုတ်အသိမ်းမြန်ပြီး ကစ်ချက်ကောင်းသူဖြစ်ကာ အဲ့လိုဖြစ်လာဖို့ ငယ်စဉ်တည်းက လေ့ကျင့်ခြင်း ခံထားရတာပါ။
ဆိုဘိုရဲ့ အဖေဖြစ်တဲ့ Zsolt ဟာလည်း ကိုယ်တိုင်က ဘောလုံးသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ငယ်စဉ်တည်းက ဆိုဘိုကို အနီးကပ် နည်းပြတစ်ဦးလို ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေ အများကြီး လုပ်ပေးခဲ့တယ်။ အဲ့ထဲမှာတော့ ဆိုဘိုရဲ့ ခြေထောက် ကြီးထွားမလာဖို့ ဖိနပ်ကြပ်ကြပ် ဝတ်ဆင်စေခဲ့တာလည်း ပါဝင်ပါတယ်။
မှန်ကန်တဲ့ လေ့ကျင့်ရေး အချို့နဲ့အတူ ဆိုဘိုရဲ့ ဖခင်က သားဖြစ်သူကို ကစ်ပါဝါကောင်းပြီး ဘောလုံးနဲ့အတူ ကောင်းကောင်းလှုပ်ရှားနိုင်သူဖြစ်ဖို့ အထူး ပျိုးထောင်ခဲ့တာပါ။ သူ အနီးကပ် သင်ပြခဲ့တဲ့ထဲမှာတော့ ဘောလုံးသမား တစ်ဦး လုပ်နိုင်ရမယ့် ပြေးလွှားခြင်း၊ ဘောလုံးသယ်ပြေးခြင်းတွေလည်း ပါဝင်ပါတယ်။
အရေးကြီးတာတွေထဲက တစ်ခုအဖြစ် ခြေထောက်ကြီးတွေ ပိုင်ဆိုင်ထားသူဟာ ဘောလုံးကို ချိန်သားကိုက် ကန်ဖို့ခက်ခဲလို့ ဒီအပိုင်းကိုပါ အထူးဂရုစိုက် ပျိုးထောင်ခဲ့တာလို့ ၎င်းတို့ မိသားစုနဲ့ နီးစပ်တဲ့ အမည်မဖော်ပြလို တစ်ဦးက The Athletic ကို ဖွင့်ချပါတယ်။
အားကစားသိပ္ပံမှာတော့ ခြေထောက်သေးသေးလေး ပိုင်ဆိုင်ခြင်းဟာ ဘောလုံး အားကစားမှာ စွမ်းဆောင်ရည် ပိုကောင်းမယ်ဆိုပြီး အာမခံချက် မရှိပါဘူး။ ခြေထောက်ကြီးတာ ဒါမှမဟုတ် ပုံမှန်ဆိုဒ် ရှိသူတွေလည်း အောင်မြင်ကြောင်း ထောက်ပြမှုတွေ ရှိကြပါတယ်။
ခြေထောက်ထက်စာရင် ခန္ဓာကိုယ် ဟန်ချက်၊ နည်းစနစ်နဲ့ လက်မောင်းလွဲအား၊ ကျောရိုးမကို အားပြုမှုဟာ ကစ်ချက် ပိုကောင်းဖို့နဲ့ ရွေ့လျားမှု မြန်ဆန်စေဖို့ရာ အရေးပါတယ်လို့ နည်းပြတွေက မြင်ပါတယ်။ ဆိုလိုတာက နည်းစနစ်ကောင်းဖို့ဟာ ခြေထောက်သေးဖို့ ပိုအရေးကြီးတယ်လို့ နည်းပြအများစုက ယုံကြည်တာပါ။
ဘယ်လိုတွေပဲ မြင်ကြပါစေ ယနေ့ခေတ် ဘောလုံးသမားတွေဟာ ဖိနပ် ကြပ်ကြပ် ဝတ်ရတာကို ပိုမို သဘောကျလာနေပါတယ်။ ဆိုဘိုရဲ့ ဖခင်ကလည်း သူ့သားကို အများထဲက တစ်ယောက်ဖြစ်ဖို့ထက် အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်လာဖို့ထိ ရည်ရွယ်တာပါ။ ဒီတော့ အခြားသူတွေ လုပ်သလို လိုက်လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။
ဖခင်တစ်ယောက်ရဲ့ ယုံကြည်မှုတွေဖြင့် ပျိုးထောင်ခံထားရတဲ့ ဆိုဘိုဟာ အမြင့်ဆုံး အဆင့်တွေကို လီဗာပူးနဲ့ ရောက်ရှိသွားဖို့ သူ့မိသားစုဝင်တွေနဲ့အတူ ကျနော်တို့လို လီဗာပူးပရိသတ်တွေလည်း မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။