

လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးမှာ မနှစ်က ရာသီမကုန်ခင် ဒဏ်ရာရသွားခဲ့တဲ့ ကွင်းလယ်လူ မော်တန် ပြန်လည်ပါဝင်နေပါပြီ။
အက်ဆာမှာ ကြံ့ခိုင်မှုပိုင်း လေ့ကျင့်နေတဲ့ မော်ဆန်ဟာ ၄ လကြာ အနားယူရအပြီး မနေ့ကတော့ အသင်းလိုက် လေ့ကျင့်ရေးအတွင်း ပါဝင်သွားပါတယ်။ ဂျာမနီနဲ့ စင်္ကာပူ ရာသီကြိုတွေကို လွဲချော်ထားတဲ့ မော်တန်ဟာ လီဗာပူး စီနီယာအသင်းမှာ ဆက်ရှိနေဖွယ် မရှိပါဘူး။
ဘလက်ဘန်းအသင်းထံ တစ်ရာသီ အငှားသွားကစားခဲ့တဲ့ မော်တန်ဟာ ခြေထောက်ဒဏ်ရာ မရခင်မှာ ချန်ပီယံရှစ်ကလပ် အတွက် ၄၆ ပွဲ ကစားပေးခဲ့ပါတယ်။ လက်တလောမှာ သူ့ရဲ့ ကြံ့ခိုင်မှုအတွက် ဆေးအဖွဲ့က ဂရုစိုက်ပေးနေပြီး အင်္ဂလန် ဒါမှမဟုတ် အင်္ဂလန်ပြင်ပ လိဂ်တစ်ခုထံ ထပ်မံ အငှားချသွားဖို့ ရှိပါတယ်။
မော်တန်ကို စိတ်ဝင်စားမှု ပြသနေတာက ချန်ပီယံရှစ်ဘက်ကဖြစ်ပြီး သူ့အတွက် ပုံမှန်ပွဲကစားခွင့် ပေးနိုင်မယ့် ကလပ်ကို လီဗာပူးဘက်က ရှာဖွေနေဆဲ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ် တိုက်စစ်သမား မူရှော်ဝေါစကီဟာလည်း ဒီနွေမှာ လီဗာပူးကနေ အပြီးသတ် ထွက်ခွာဖွယ် ရှိနေတယ်။ ပိုလန်ဘက်က သူ့ကို ပြန်ခေါ်ဖို့ ကြိုးစားပေမယ့် ကစားသမားက ပယ်ချခဲ့ပြီး သူဟာ ယူ-၂၁ အဆင့်ပွဲတွေမှာ ဆက်လက် ကစားနေဆဲပါ။
ပိုလန်လိဂ်ကို အငှားထွက်ဖို့ ငြင်းဆန်ရခြင်းက သူဟာ ဩစတြီးယား ဘွန်ဒက်လီဂါကလပ် TSV Hartberg အသင်းထံ ပြောင်းရွှေ့ဖို့ကို ပိုမို အားသန်နေတာကြောင့် ဖြစ်ပါတယ်။ စာချုပ်ပါကိစ္စတွေကို ဖြေရှင်းနိုင်ဖို့လည်း နီးစပ်နေပြီလို့ သိရတယ်။
လီဗာပူးဘက်ကတော့ သင့်လျော်တဲ့ ပမာဏရမယ်ဆိုရင် မူရှော်ဝေါ်စကီကို ထွက်ခွင့်ပေးမှာ ဖြစ်ပေမယ့် ကလပ်တွေကြား သဘောတူညီမှုတော့ မရသေးပါဘူး။