ကိုင်ဆီဒို လီဗာပူးကို ငြင်းပြီး ချယ်ဆီးထံ ပြောင်းတာ လုပ်ခပိုရလို့ မဟုတ်ဘူးလို့ ချယ်ဆီးသတင်းထောက်ဆို

ဒီနွေမှာ အတော်လေး ပွက်လောရိုက်ခဲ့တဲ့ ကိုင်ဆီဒို အပြောင်းအရွှေ့ ကိစ္စကို ချယ်ဆီးသတင်းထောက်က The Athletic သတင်းကနေ “လီဗာပူးကို အနိုင်ယူပြီး ကိုင်ဆီဒိုကို ချယ်ဆီးတို့ ဘယ်လို ခေါ်ယူခဲ့သလဲ” ဆိုကာ သတင်းတစ်ပုဒ် ရေးသားခဲ့ပါတယ်။

အဆိုပါ ဖော်ပြချက်ရဲ့ အနှစ်ချုပ်ကတော့ လီဗာပူးကို ငြင်းပြီး ချယ်ဆီးကို ကိုင်ဆီဒို ရွေးချယ်တာဟာ ငွေကြေးကြောင့် မဟုတ်ဘူးလို့ ရှင်းပြလိုခြင်း ဖြစ်ပါတယ်။

လီဗာပူးအသင်း ဒေတာဌာနရဲ့ အချက်အလက်တွေအရ အန်ဖီးကလပ်ဟာ ကိုင်ဆီဒိုနဲ့ လာဗီယာတို့ကို အရမ်း လိုချင်ခဲ့တာဖြစ်ပြီး ကစားသမားတွေ ချယ်ဆီးထံ ပြောင်းချင်လွန်းတာကြောင့် ဒီခေါ်ယူမှုကို ကျရှုံးခဲ့တာလို့ လန်ဒန်သတင်းသမားက ရေးသားခဲ့တာပါ။

သူ့ရဲ့ ဖော်ပြချက်ဟာ အချို့အချက်တွေကတော့ လက်သင့်ခံစရာတွေ ပါဝင်ခဲ့ပေမယ့် အရေးကြီး ဖော်ပြချက် အချို့ကတော့ ရယ်စရာဖြစ်နေခဲ့ပါတယ်။

ဥပမာအားဖြင့် ကိုင်ဆီဒိုဟာ လန်ဒန်ကို ပိုဦးစားပေးလိုပြီး အင်္ဂလန်ရဲ့ မြို့တော်မှာ အီကွေဒေါအဖွဲ့အစည်းတွေ ရှိနေတာက အကြောင်းရင်း တစ်ခုဆိုတာ လက်ခံနိုင်စရာ အချက်ဖြစ်ပါတယ်။ ကစားသမားရဲ့ မိသားစုတွေအတွက် လူမျိုးတူတွေ ရှိနေတဲ့ နေရပ်ဟာ ပိုမို ရွေးချယ်ဖို့ ကောင်းမွန်ပါလိမ့်မယ်။

ချယ်ဆီးဟာ ကိုင်ဆီဒိုကို ရဖို့ ဒီတနွေလုံး ကြိုးစားနေခဲ့ပြီး ကစားသမားဟာ ဘရိုက်တန် အဝတ်လဲခန်းက သူ့ရဲ့ နေရာကို ရှင်းကာ ဟိုတယ်ကနေ အဆင်သင့် စောင့်ဆိုင်းနေခဲ့ကာ လီဗာပူးနဲ့ ဘရိုက်တန်ကြား သဘောတူညီမှုရချိန် စိတ်ရှုပ်ထွေးသွားခဲ့တယ် ဆိုတဲ့ အချက်ကလည်း လက်ခံနိုင်စရာဖြစ်ပါတယ်။

ဒါပေမယ့်လို့ ချယ်ဆီးဟာ လီဗာပူးထက် ပိုများတဲ့ လုပ်ခမျိုး မကမ်းလှမ်းခဲ့ဘဲ တူညီတဲ့ လုပ်ခမျိုးကိုပဲ ပေးခဲ့တာဖြစ်ကာ စာချုပ်မှာ ထူးထူးခြားခြား ပိုသာနေတာဆိုလို့ ၈ နှစ်စာချုပ် တစ်ခုပဲ ရှိတယ်လို့ ဖော်ပြသွားပါတယ်။

ကစားသမားက ချယ်ဆီးကို ငွေကြောင့် ပြောင်းတာ မဟုတ်ဘူးလို့ ၎င်းက ဆိုခဲ့ပေမယ့် ဒီအချက်ကြောင့်တင် လီဗာပူးပရိသတ်တွေကြား ရယ်စရာ ကိစ္စ ဖြစ်လာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ မနှစ်ကရာသီ ချယ်ဆီးနောက် ပရီးမီးယားလိဂ်ရဲ့ ဒုတိယ လုပ်ခ အမြင့်ဆုံး ဆိုပေမယ့် ကလပ်ရဲ့ လုပ်ခပေးချေမှု ပုံစံဟာ ကန့်သတ်ချက်ရှိပြီး ဆုဖလား အောင်မြင်နေခြင်းကြောင့် ကစားသမားတွေ ဆုကြေးရရှိမှု များပြားနေခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ လုပ်ခ အမြင့်ဆုံးရ ကစားသမားဟာ ဆာလာဖြစ်ပြီး တစ်ပတ်ကို ပေါင် ၃၅၀၀၀၀ ရရှိနေကာ ဒုတိယလုပ်ခ အများဆုံးရ ဗန်ဒိုက်နဲ့ သီယာဂို တောင်မှ တစ်ပတ် ပေါင် ၂၂၀၀၀၀ ပဲ ရနေတာဖြစ်ပါတယ်။ ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဒါဝင်ဟာ တစ်ပတ်ကို ပေါင် ၁၄၀၀၀၀ ဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံ မာကာက ပေါင် ၁၅၀၀၀၀ ရရှိနေတာပါ။

ထပ်ပြောရရင် လီဗာပူးက မာနေးလို ကစားသမားကို သက်တမ်း မတိုးခဲ့ခြင်းမှာ လုပ်ခပိုင်း ပေါင် ၃ သိန်းကျော် မပေးခြင်းကလည်း အကြောင်းရင်း တစ်ချက်ဖြစ်ခဲ့သေးတာပါ။

ချယ်ဆီးဟာ ကိုင်ဆီဒိုအတွက် အန်ဇို ဖာနန်ဒက်စ်နဲ့ တူညီတဲ့ လုပ်ခ ပေးချေမယ်လို့ သိထားရပြီး အန်ဇိုဟာ ချယ်ဆီးမှာ တစ်ပတ်လုပ်ခ ပေါင် ၃၁၅၀၀၀ ရနေတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ ကိုင်ဆီဒိုအတွက် လုပ်ခကို ပေါင် ၃၀၀၀၀၀ မဆိုထားနဲ့ ပေါင် ၁၅၀၀၀၀ ထက်တောင် ပိုပေးဖို့ မရှိပါဘူး။

ကိုင်ဆီဒို ခေါ်ယူရေးမှာ ချယ်ဆီးကို အရေးနိမ့်ခဲ့တယ်လို့ လီဗာပူးပရိသတ်တွေက လက်ခံထားကြတယ်။ ဒါပေမယ့် ကစားသမားဟာ တူညီတဲ့လခမှာတင် လီဗာပူးကို ငြင်းပြီး လန်ဒန်ကလပ်ကို ရွေးချယ်ခဲ့တယ် ဆိုတာကတော့ လွန်ကဲတဲ့ ဂုဏ်တင်မှု ဖြစ်သွားပြီလို့ လီဗာပူးပရိသတ်တွေဘက်က ပြန်လည် တုန့်ပြန်နေကြတာ ဖြစ်ပါတယ်။