

တေလာ မော်တန်နဲ့ မူရှော်ဝေါ်စကီတို့ဟာ ဒီနွေမှာ လီဗာပူးအသင်းကနေ အငှား ဒါမှမဟုတ် အပြီးသတ် စာချုပ်တွေဖြင့် ထွက်ခွာနိုင်ချေ ရှိနေဆဲဖြစ်ပါတယ်။
လီဗာပူးအသင်းထံက ကမ်းလှမ်းမှုရတာကို ပျော်ရွှင်ပေမယ့် သူကိုယ်တိုင်ကတော့ ဖလူမီးနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် Copa Libertadores ပြိုင်ပွဲအတွက်ပဲ အာရုံစိုက်ထားတယ်လို့ အန်ဒရီက ဖြေပါတယ်။
မနှစ်ကရာသီ လီဗာပူးအသင်းရဲ့ ကွင်းလယ် ဦးစားပေး ပစ်မှတ်ထဲ ပါဝင်ခဲ့တဲ့ မက်သရူး နူးနက်စ်ကို မန်စီးတီးဘက်က ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။
လီဗာပူးစီအီးအို ဘီလီဟိုဂန်က အန်ဖီးကွင်း တိုးချဲ့မှု ကိစ္စ နှောင့်နှေးနေမယ်လို့ ဝန်ခံပေမယ့် အပြီးသတ်နိုင်ရေးဟာ ကလပ်ရဲ့ ပလန်ဖြစ်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
မန်စီးတီးထံ ပြောင်းတော့မယ့် တိုက်စစ်သမား ဒိုကူဟာ အသက် ၁၆ နှစ် အရွယ်တုန်းက လီဗာပူး၊ အာဆင်နယ်၊ ချယ်ဆီး၊ မန်စီးတီးအသင်းတွေမှာ ခြေစွမ်း လာရောက် စမ်းသပ်ခံခဲ့ဖူးပါတယ်။ မာနေးကတော့ အလျင်မလိုဖို့နဲ့ ခြေစွမ်းတိုးတက်ရေး ဘယ်ဂျီယံလိဂ်မှာ ဆက်နေပါလို့ လူငယ်လေးကို အကြံပေးခဲ့ဖူးပါတယ်။
ချယ်ဆီးသတင်းထောက်တွေက လီဗာပူးအသင်းဟာ ကိုင်ဆီဒို၊ လာဗီယာနဲ့ အက်စတွန်ဗီလာမှ ကာမာရာတို့ ၃ ဦးကို ကွင်းလယ်ခံစစ် နေရာအတွက် ဦးစားပေး ပစ်မှတ်တွေအဖြစ် ချိန်ရွယ်ခဲ့တာလို့ ဖော်ပြပါတယ်။
အပြောင်းအရွှေ့ နောက်ဆုံးအပတ် ရောက်ခါနီးတဲ့ထိ ကွင်းလယ်နဲ့ ခံစစ်အတွက် တိုးတက်တဲ့ အခြေအနေမျိုး ထပ်မမြင်ရတာမို့ deadline နေ့မှာ တစ်ကြိမ်တည်းသော ကမ်းလှမ်းမှုတွေကို လီဗာပူးဘက်က လုပ်ဆောင်မယ်လို့ ယူဆခံလာရပါတယ်။
လီဗာပူးအသင်းဟာ လက်စတာအသင်းမှ အသက် ၁၆ နှစ်အရွယ် ကွင်းလယ်လူ ထရေး နိုင်ယိုနီကို ခေါ်ယူနိုင်ခဲ့ပါပြီ။ မနှစ်ကရာသီ ယူ-၁၈ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပုံမှန် ပါဝင်ကစားထားတဲ့ လူငယ်လေးဟာ လီဗာပူး ယူ-၁၈ အသင်းထံ တိုက်ရိုက် ပူးပေါင်းပါမယ်။