နယူးကာဆယ်ပွဲမှာ စိန်ခေါ်မှုသစ်ကို စတင် ရင်ဆိုင်ရဖွယ်ရှိတဲ့ ကိုဒီ ဂက်ပို

ကိုဒီ ဂက်ပိုဟာ ဒီရာသီ လီဗာပူးအသင်းရဲ့ လိုအပ်ချက်အရ ကွင်းလယ်နေရာကို ဆင်းကစားနေပြီး ရာသီကြိုမှာကော ပရီးမီးယားလိဂ်မှာပါ အဆိုပါနေရာက ပွဲထွက်နေတာဖြစ်ပါတယ်။

ဇန်နဝါရီမှာ လီဗာပူးကို ဂက်ပို ရောက်လာတဲ့နောက် ပရီးမီးယားလိဂ် ၁၇ ပွဲ ကစားရာမှာ ၁၅ ပွဲက ပွဲထွက်နေရာက ပါဝင်ခဲ့တာပါ။ မနှစ်ကရာသီနဲ့ မတူတာက သူဟာ တိုက်စစ်သမား နေရာထက် တိုက်စစ်ကို ပံ့ပိုးပေးရတဲ့ ကွင်းလယ် အတွင်းလူ နေရာအတွက်ပဲ ရွေးချယ်ခံနေရပါတယ်။

မနှစ်ကရာသီမှာ ဂက်ပိုဟာ ကွင်းလယ်လူ နေရာက တစ်ကြိမ်တည်း ကစားခဲ့ပြီး ဘုန်းမောက်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဂက်ပိုဟာ ဒီရာသီ ချယ်ဆီးပွဲမှာကော ဘုန်းမောက်ပွဲမှာပါ ဘယ်ခြမ်း ကွင်းလယ်လူ နေရာက ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။

ကွင်းလယ်နေရာဟာ ဂက်ပိုရဲ့ ကစားနိုင်စွမ်းကို ကန့်သတ်ထားသလို ဖြစ်နေပါတယ်။ နှစ်ပွဲလုံးမှာ လီဗာပူးရဲ့ ပွဲထွက်ကစားသမားတွေအတွင်း ဘောလုံးထိချက် အနည်းဆုံးအဖြစ် ဂက်ပိုကပဲ မှတ်တမ်းဆိုးရခဲ့သလို သူကပဲ ဦးဆုံးသော လူစားလဲမှုအဖြစ် ကွင်းထဲက ထွက်ခွာရလေ့ရှိပါတယ်။

ဒီရာသီမှာ အရေးပါတဲ့ ပေးချက် ၂ ကြိမ် လုပ်ထားနိုင်တာကလွဲလို့ ဂိုးပေါက် တည့်အောင် ကန်နိုင်ခြင်း လုံးဝ မရှိထားတဲ့ ဂက်ပိုဟာ မနှစ်ကရာသီမှာ ကိုယ်တိုင် ဂိုး ၂၀ သွင်းပြီး ဂိုးထောက်ပံ့မှု အကြိမ် ၂၀ လုပ်နိုင်ခဲ့တာပါ။

ဒါပေမယ့်လို့ တနင်္ဂနွေနေ့ နယူးကာဆယ်ပွဲမှာ အန်ဒိုက ကွင်းလယ်ခံစစ်နေရာကနေ ပွဲထွက်ပြီး မက်ကယ်လစ္စတာ ဘယ်ခြမ်း ကွင်းလယ်လူနေရာ ရှေ့တက်ကစားဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဂက်ပိုဟာ တိုက်စစ်နေရာအတွက် ပြန်လည် ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လက်ရှိ လီဗာပူးတိုက်စစ်မှာ ဒီယက်ဇ်နဲ့ ဆာလာက ပုံမှန်ပွဲထွက်ခွင့်ရဖို့ သေချာနေပြီး အထောင်တိုက်စစ် နေရာကို ဂျိုတာ၊ ဒါဝင်၊ ဂက်ပိုတို့ လုရမှာပါ။ ဖာမင်နိုရဲ့ false nine နေရာ ဆက်ခံသူအဖြစ် ဂက်ပို ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။