လီဗာပူး မဟုတ်ဘဲ ချယ်ဆီးကို ရွေးခဲ့ကြတာ ‘ငွေကြောင့်ပါ’ လို့ ချယ်ဆီး ကစားသမားဟောင်း ထုတ်ပြော

ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်ဆီး ကစားသမားဟောင်း ပီတစ်ကတော့ ကိုင်ဆီဒိုနဲ့ လာဗီယာတို့ လီဗာပူးကို ပယ်ချပြီး လန်ဒန်ကလပ်ကို ရွေးချယ်ခဲ့တာဟာ အားကစားပိုင်းထက် ငွေကြောင့်ဖြစ်တယ်လို့ မှတ်ချက်ပေးလာပါတယ်။

ကိုင်ဆီဒိုကို ပေါင် ၁၁၅ သန်း၊ လာဗီယာကို ပေါင် ၅၈ သန်းတို့ဖြင့် ချယ်ဆီးတို့ ခေါ်ယူခဲ့သလို လီဗာပူးဘက်ကလည်း ကိုင်ဆီဒိုအတွက် ပေါင် ၁၁၁ သန်း၊ လာဗီယာအတွက် ပေါင် ၄၆ သန်းထိ ကမ်းလှမ်းခဲ့သေးတာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးလုံးဟာ လီဗာပူးကို မပြောင်းဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဗြိတိန်အားကစားသတင်းတွေမှာ အပြောင်းအရွှေ့ စျေးကွက်အတွင်း လီဗာပူးတို့ အရှက်စရာ ရှုံးနိမ့်မှုလို့ ဝေဖန်ခဲ့ကြတယ်။ ပီတစ်ကတော့ လီဗာပူးဟာ ချယ်ဆီးရဲ့ ပလန်တွေကို မယှဉ်နိုင်တာ မဟုတ်ဘဲ ကစားသမားတွေက ငွေကြောင့် ပယ်ချသွားခြင်း ခံခဲ့ရတာလို့ ထင်မြင်ချက် ပေးလာခဲ့ပါတယ်။

ပီတစ်ကတော့ ‘ ကျနော် ခပ်ညံ့ညံ့စကားလုံးတွေ ပြောမနေတော့ပါဘူး။ သူတို့ ဘာကြောင့် ချယ်ဆီးကို ရွေးချယ်လဲ ကျနော်တို့ အားလုံး သိပါတယ်။ အားကစားပိုင်းက ကြည့်ရင် သူတို့အတွက် အကောင်းဆုံး ရွေးချယ်စရာက လီဗာပူးပါ။

အကယ်လို့ ကျနော်သာ ကိုင်ဆီဒိုနဲ့ လာဗီယာဆိုရင် ချယ်ဆီးထက် လီဗာပူးကိုပဲ ပြောင်းဖို့ ရွေးမှာပါ။ ဘာလို့လဲဆိုတော့ ချယ်ဆီးမှာ ရှင်းလင်းတဲ့ ပလန်ရယ်လို့ မရှိပါဘူး။ သူတို့မှာ ကစားသမား ၃၅ ယောက်လောက် ရှိနေတာလေဗျာ။ မနှစ်ကဆို သူတို့ တကယ့် အိပ်မက်ဆိုးကြီး ရခဲ့တာပဲလေ။

လီဗာပူးကို ကြည့်မယ်ဆိုရင် ကွင်းလယ်နေရာမှာ သူတို့ ပြန်ပြီး အဆင့်မြင့်နေတာပါ။ ဆိုဘိုစလိုင်နဲ့ မက်ကယ်လစ္စတာတို့ကို ရထားပေမယ့် သူတို့ အားဖြည့်ဖို့ တစ်နေရာ လိုအပ်နေဆဲပါပဲ။

ကျနော်သာ ကိုင်ဆီဒိုဆိုရင် လီဗာပူးနဲ့ပဲ လက်မှတ်ထိုးမှာပါ။ အဲ့မှာဆိုရင် မက်ကယ်လစ္စတာနဲ့လည်း ပြန်ပြီး လက်တွဲရမယ်၊ ကွင်းလယ်လူတွေ အများကြီး မရှိတော့တာမို့ ဖိအားနည်းနည်းနဲ့ ပွဲကစားခွင့်လည်း ရပါမယ်။ ဘယ်အသင်းကို ရွေးရမယ်ဆိုတဲ့ အဖြေက သိပ်ကို လွယ်ကူပါတယ်။

ဒါကိုမှ ကိုင်ဆီဒိုနဲ့ လာဗီယာတို့ ဘာကြောင့် ချယ်ဆီးကို ရွေးချယ်သွားလဲဆိုရင် အဖြေက သိပ်ရှင်းပါတယ်။ ငွေကြောင့်ပါပဲ။ ကလပ်တွေနဲ့ ကစားသမားတွေအတွက် ငွေက အရမ်း စကားပြောပါတယ် ’ လို့ ဒဲ့တိုး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေကတော့ ကြီးကျယ်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်မလာခြင်းကို စိတ်ပျက်ခဲ့ကြတယ်။ လာဗီယာနဲ့ ကိုင်ဆီဒိုကို မခေါ်ယူနိုင်ခြင်းဟာ လီဗာပူးအတွက် ကျရှုံးတဲ့ စျေးကွက် တစ်ခု ဖြစ်စေမှာလား? ဆိုတဲ့ မေးခွန်းကိုတော့ အချိန်က စကားပြောသွားမှာပဲ ဖြစ်ပါတယ်။