ဒီနွေရုန်းကန်ရမှုလို အဖြစ်မခံဘဲ ဆာလာ ပြဿနာ ကြိုတင် အဖြေရှာဖို့ လိုအပ်လာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဒီနွေမှာ စိန်ခေါ်မှု များစွာကို ရင်ဆိုင်ခဲ့ရသလို ရာနှုန်းပြည့် ကျော်ဖြတ်နိုင်နေကြောင်း အသင်းပရိသတ်တွေ ယုံကြည်ပေးဖို့ရာမှာ ရုန်းကန်နေရပါတယ်။

မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်တို့ ထွက်ခွာသွားတဲ့ ကွင်းလယ်နေရာကို မာကာ၊ ဆိုဘိုတို့ဖြင့် အကောင်းဆုံး အင်အားဖြည့်နိုင်ခဲ့တယ်။ ဒါပေမယ့်လို့ ဟန်ဒါဆန်၊ ဖာဘင်ညို နေရာတွေမှာ အစားထိုးဖို့အတွက်တော့ ရုန်းကန်ခဲ့ရကာ ရှုပ်ထွေးတဲ့ သီတင်းပတ်အပြီး စတုဂတ်မှာ အန်ဒိုကို ခပ်မြန်မြန် ခေါ်ယူခဲ့ရပါတယ်။

ကွင်းလယ်ခံစစ် အပြင် ဗန်ဒိုက်၊ ကိုနတေးတို့ နှစ်ဦးပဲ အမာခံရှိတဲ့ ဗဟိုခံစစ်နေရာ အင်အားမဖြည့်ခြင်းကလည်း ကာလရှည် သွားရမယ့် ဘောလုံးရာသီမှာ စိတ်ပူစရာ အနေအထားကို ဖန်တီးထားသလို ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့်လို့ နောက်ထပ် စိန်ခေါ်မှုကတော့ ကလပ်ရဲ့ အရေးအကြီးဆုံး ကစားသမား တစ်ဦးဖြစ်တဲ့ ဆာလာနေရာ အစားထိုးရေး ဖြစ်ပါတယ်။ ဆာလာကို ဆော်ဒီလိဂ်က အလိုရှိနေတာဟာ ဖုန်းကွယ်ထားလိုရတဲ့ အခြေအနေလည်း မဟုတ်တော့ပါဘူး။

Al-Ittihad အသင်းဟာဆိုရင် ဒီနွေမှာ ဆာလာကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်။ လီဗာပူးဘက်က ဆာလာကို လုံးဝ မရောင်းဖို့ ဆုံးဖြတ်ထားသလို ဆာလာ ကိုယ်တိုင်က ထွက်ခွာချင်စိတ် မပြသခြင်းကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်မလာသေးတာပါ။

နောက်နှစ်နွေမှာတော့ ကလပ်နဲ့ စာချုပ် ၁ နှစ်ပဲကျန်တဲ့ ဆာလာကို ဆော်ဒီလိဂ်ဘက်က မြင့်မားတဲ့ လုပ်ခဖြင့် ကမ်းလှမ်းလာခဲ့ရင် လီဗာပူးတို့ တားဆီးနိုင်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ အသင်းတိုက်စစ်မှာ ရွေးချယ်စရာ ၅ ဦးထိ ရှိပေမယ့် ညာခြမ်းအတွက် ဆာလာ တစ်ဦးတည်း ရှိနေသေးတာပါ။

အစားထိုးစရာ မရှိပါဘဲ ဟန်ဒိုနဲ့ ဖာဘင်ညိုကို လက်လွတ်ခဲ့သလို လာမယ့်နွေမှာ တစ်ရာသီ သွင်းဂိုး ၃၀ လောက် သွင်းနိုင်တဲ့ ဆာလာကို လီဗာပူးအသင်း လက်လွတ်လိုက်ရင် ကလပ်အတွက် ကြီးမားတဲ့ ပြဿနာတွေကို လက်ယက် ခေါ်သလို ဖြစ်လာတော့မှာပါ။

ဒါကြောင့်ပဲ ဆော်ဒီလိဂ် အန္တရာယ်ကို မမေ့လျော့ခြင်းနဲ့အတူ ဆာလာ နေရာ အစားထိုးရေးဟာ လီဗာပူးအသင်း သေချာပေါက် အာရုံစိုက်ဖို့ လိုနေတဲ့ ကိစ္စ ဖြစ်လာဖွယ် ရှိနေခဲ့ပါပြီ။