ဆာလာကို ရမယ်ဆိုရင် ကမ္ဘာ့စံချိန်တင် လုပ်ခပေးမယ့် Al Ittihad ကလပ်၊ ဘယ်စျေးရရ မရောင်းဘူး ငြင်းထားတဲ့ အန်ဖီးကလပ်နဲ့ လီဗာပူး နံနက်ခင်း သတင်းများ

စျေးကွက် မပိတ်ခင်မှာ လီဗာပူးက ကွင်းလယ်လူ တစ်ဦး အဆင်ပြေခဲ့ရင် နောက်ထပ် ခေါ်ယူမှုအဖြစ် ခံစစ်မှူး တစ်ဦး ခေါ်ယူမယ်လို့ သတင်းထောက်တွေက ယုံကြည်နေကြပါတယ်။

လေဗာကူဆင်အသင်းမှ အသက် ၂၁ နှစ်အရွယ် အီကွေဒေါ လက်ရွေးစင် ပီရို ဟင်ကာပီဟာ ပရီးမီးယားလိဂ်ထံ ပြောင်းလာလိုနေပြီး သူ့ကို ခေါ်ယူမယ်ဆိုရင် ပေါင် ၃၅ သန်း ကျသင့်မယ်လို့ လန်ဒန်ဘက်က သတင်းထောက်တွေ ဆိုပါတယ်။

လီဗာပူးအသင်းက ပီရို ဟင်ကာပီဟာကို စောင့်ကြည့်နေတာဖြစ်ပေမယ့် သေချာတဲ့ အချက်အလက် မရသေးဘူးလို့ သိရပါတယ်။ ဂျာမာန်ဘက်ကတော့ သူတို့ ခံစစ်သမားအတွက် ပေါင် သန်း ၅၀ အထက် ရလိုနေတာ ဖြစ်ပါတယ်။

ဆော်ဒီကလပ် Al Ittihad အသင်းက မိုဆာလာကို ခေါ်ယူလိုနေပြီး ပွဲကြိုနဲ့ ပွဲတွင်းမှာ သူတို့ ပရိသတ်တွေဟာ ဆာလာ မျက်နှာဖုံးတွေ ဝတ်ဆင်ကာ တောင်းဆိုမှုတွေ ဆက်တိုက် လုပ်လာနေပါတယ်။

ဆာလာကို ခေါ်ယူနိုင်မယ်ဆိုရင် Al Ittihad အသင်းဟာ ကမ္ဘာ့အမြင့်ဆုံး လုပ်ခလစာကို အီဂျစ်သားအား ပေးဖို့ထိ အဆင်သင့် ရှိနေပါတယ်။

ဆော်ဒီကလပ်က ဘယ်လိုပဲ ကြိုးစားပါစေ ဒီနွေမှာ ဆာလာကို လုံးဝ ရောင်းမထုတ်ဖို့ လီဗာပူးဘက်က ကြံ့ကြံ့ခံသွားမှာပါ။ ဆာလာအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းခံရရင်တောင် အသင်းဘက်က ရောင်းထုတ်မှာ မဟုတ်ပါဘူး။

ဆာလာ ကိုယ်တိုင်ကတော့ လီဗာပူးအသင်းအတွက်ပဲ စိတ်နှစ်မြုပ်ထားပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်လိုနေပါတယ်။

အန်ဒရီကို ကမ်းလှမ်းတယ်ဆိုတဲ့ သတင်းတွေကို လီဗာပူးအသင်းဘက်က ငြင်းဆန်ပါတယ်။ ကြိုတင် ကြားထားတဲ့ အတိုင်း ကလပ်ဟာ ဒီနွေမှာတင် အန်ဒရီကို မရနိုင်တာမို့ ခေါ်ယူရေးကနေ နောက်ဆုတ်ဖွယ် ရှိပါတယ်။

တေလာ မော်တန်ကို ခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ်တွေ ကြိုးစားနေပြီး ကွင်းလယ်လူဟာ ယခင်လို နံပါတ် ၆ နေရာ မကစားတော့ဘဲ နံပါတ် ၈ နေရာကို ပြောင်းကစားနေပြီ ဖြစ်ပါတယ်။