ဒီစျေးကွက်မှာတင် ဆာလာကို ခေါ်ယူနိုင်ရေး ကိန်းဂဏန်းကြီးတွေဖြင့် အားထုတ်လာတဲ့ Al Ittihad

ဆော်ဒီပရိုကလပ် Al Ittihad အသင်းဟာ လီဗာပူး တိုက်စစ်မှူး ဆာလာကို ဒီနွေမှာတင် ခေါ်ယူလိုကြောင်း သူတို့ရဲ့ သဘောထားကို ထုတ်ပြလာခဲ့ပါပြီ။

လက်ရှိ အခြေအနေမှာ ဆာလာရဲ့ အပြောင်းအရွှေ့ ကိစ္စ မဖြစ်လာဘူးလို့ သေချာပေါက် ပြောနိုင်တဲ့ အခြေအနေမျိုး မရှိသေးပါဘူး။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်သမားဟာ ရောင်းရန်မဟုတ်ကြောင်း ကလပ်ရဲ့ သဘောထားကိုတော့ လီဗာပူးဘက်က ဆက်လက် ဆွဲကိုင်ထားဆဲပါ။

ဆာလာရဲ့ အေးဂျင့်ဟာ အပြောင်းအရွှေ့ သတင်းတွေ စထွက်လာတဲ့ ဩဂုတ်လ အစပိုင်းတည်းက ကစားသမားဟာ လီဗာပူးမှာပဲ ဆက်နေမှာဖြစ်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆန်ထားပြီးပါပြီ။

အေးဂျင့် Ramy Abbas က “ ဒီနှစ်ထဲ လီဗာပူးကနေ ထွက်ခွာဖို့ ကျနော်တို့ စဉ်းစားမယ်ဆိုရင် မနှစ်ကနွေမှာ စာချုပ်သစ် ဘာလို့ သက်တမ်းတိုးခဲ့ဦးမှာလဲ။ ဆာလာက လီဗာပူးမှာ ဆက်နေဖို့ပဲ အာရုံစိုက်ထားပါတယ် ” လို့ ဆိုခဲ့တာပါ။

ဆာလာဟာ မနှစ်ကနွေမှာ ၂၀၂၅ ခုနှစ်ထိ လီဗာပူးမှာ ဆက်ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးခဲ့တာပါ။ သူဟာ ကလပ်သမိုင်းမှာ အမြင့်ဆုံးအဖြစ် တစ်ပတ် ပေါင် ၃၅၀၀၀၀ ရရှိနေသူဖြစ်ကာ ဆုကြေးတွေနဲ့ဆိုရင် ပေါင် ၅ သိန်းထိ ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဆာလာကို ခေါ်ယူနိုင်မယ်ဆိုရင် Al Nassr အသင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို ရနေတဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၇၇ သန်းထက် ပိုများတဲ့ စာချုပ်ပေးဖို့ Al Ittihad အသင်းဘက်က ဆန္ဒရှိပါတယ်။ အဆိုပါ ပမာဏဟာ လီဗာပူးမှာ ရတာထက် ၅ ဆ ကျော် ပိုများမှာဖြစ်ပါတယ်။

ဆော်ဒီကလပ်ဟာ ဆာလာရဲ့ ပြောင်းရွှေ့ကြေးအဖြစ် လီဗာပူးအသင်းကို ပေါင် ၈၅ သန်း ဝန်းကျင်ပေးဖို့လည်း အဆင်သင့် ရှိနေတာဖြစ်ပါတယ်။