ဆာလာက ရောင်းရန် မဟုတ်ကြောင်းနဲ့ ခံစစ်မှူးသစ် ရလိုတယ် ပြောလာတဲ့ နည်းပြကလော့ပ်

ဒီအပတ် နယူးကာဆယ်ပွဲကြိုမှာ နည်းပြကလော့ပ်က ဒီတလော သတင်းကြီးနေတဲ့ ဆာလာ အပြောင်းအရွှေ့ ကိစ္စ ထုတ်ပြောခဲ့သလို ခံစစ်သမားသစ် လိုချင်ကြောင်းပါ ပြောလာခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်ဘက်က သူတို့လိဂ်ရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ဖို့ ဆာလာကို အလေးအနက် လိုချင်နေတာပါ။ အာရပ်ကမ္ဘာကနေ ပေါ်ထွက်လာတဲ့ ဆာလာဟာ ၎င်းတို့ ဒေသတွင်းမှာ အကောင်းဆုံး ကစားသမားအဖြစ် ထင်ရှားသူဖြစ်ပါတယ်။

ဆာလာနဲ့ ပတ်သက်ပြီး ကလော့ပ်ကတော့ ” အခုထိ ကမ်းလှမ်းလာတာ မရှိသေးပါဘူး။ မီဒီယာတွေက ဖန်တီးနေတဲ့ ဇာတ်လမ်းတိုင်းအတွက် ကျနော်တို့ စကားပြောပေးဖို့က ခက်ပါတယ်။ ဆာလာက လီဗာပူး ကစားသမားပါ။ သူ့အတွက် ချိတ်ဆက်လာမှု မရှိသေးပါဘူး။ အကယ်လို့ ချိတ်ဆက်လာရင်လည်း အဖြေက နိုး ပဲ ဖြစ်ပါလိမ့်မယ်။

ကျနော်ရဲ့ အယူအဆကတော့ ပြဿနာတစ်ခု ကိုယ်ရင်ဆိုင်ရမှပဲ အဲ့အကြောင်း ပြောတာ ကောင်းပါမယ်။ အခုလောလောဆယ် ဘာမှ ထူးခြားတာ မရှိပါဘူး။ ထူးခြားလာရင်လည်း အဖြေက နိုး ပါပဲ။ မိုက လီဗာပူးအတွက် ပေးဆပ်လိုနေဆဲလားဆိုရင် ၁၀၀% သေချာပါတယ် ” လို့ ဖြေခဲ့ပါတယ်။

ကိုနတေး ဒဏ်ရာရခြင်းနဲ့အတူ လက်ရှိ လီဗာပူးအသင်းမှာ ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်၊ နက်ဖီးလစ်နဲ့ ကွမ်းဆက်တို့ပဲ ကျန်ရှိပါတယ်။ နယူးကာဆယ်ပွဲမှာ ကိုနတေးရဲ့ ညာခြမ်းကို မာတစ်နဲ့ ဂိုးမက်စ်တို့ထဲက တစ်ဦး တာဝန်ယူဖွယ်ရှိပြီး ကလော့ပ်က ခံစစ်မှူးသစ် ရလိုကြောင်း ထုတ်ပြောခဲ့တယ်။

” ကျနော်တို့ ခံစစ်သမား ၈ ယောက်လောက်ထိ အသင်းမှာ ရှိနေတာမျိုး မျှော်လင့်မိပါတယ်။ ဒါပေမယ့် ကျနော်တို့အသင်းမှာ ရှိနေတဲ့ ကစားသမားတွေအပေါ်မှာလည်း သံသယ မရှိပါဘူး။ ကွမ်းဆက်ကလည်း ကစားသမားကောင်းပါ။

လက်တလောမှာ ကျနော်တို့ ခံစစ်အတွက် အားဖြည့်စရာ ရှိနေသေးပေမယ့် အခြေအနေတိုင်းအတွက် ကိုယ်က ပြင်ဆင်ထားဖို့ လိုပါမယ်။ ကျနော်တို့ ကိုယ်လုပ်နိုင်သမျှ အစွမ်းကုန် ကြိုးစားနေပါတယ် ” လို့ နည်းပြ ကလော့ပ်က ဆိုခဲ့တာ ဖြစ်ပါတယ်။