ထရန့် အလုပ်ဖြစ်မှာပါလို့ တစ်နှစ်စာ လုပ်ခဖြင့် ကလော့ပ်ကို လောင်းကြေးထပ်ထားတဲ့ ပပ်လင်ဒါး

မနှစ်က ရာသီကုန်ခါနီးမှာ ထရန့်ကို ကစားကွက်သစ်အတွင်း ပြောင်းလဲ နေရာချဖို့ ကလော့ပ်နဲ့ တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း လက်ထောက်နည်းပြ ပပ်လင်ဒါးက ထုတ်ပြောလာပါတယ်။

ယခင် အစွန်-တောင်ပံလူတွေအဖြစ် တိုက်စစ်ကို လိုက်ပါခွင့်ရထားကြသူ နှစ်ဦးဟာ ကစားကွက်ပုံစံသစ်မှာ ကွဲပြားတဲ့ တာဝန်ယူမှုတွေ ရှိလာတာပါ။ ရော်ဘတ်ဆန်က ခံစစ်မှူး ဆန်ဆန် ကစားနေရပြီး ထရန့်က ကွင်းလယ် အတွင်းလူနေရာ ဝင်ကစားနေတာ ဖြစ်ပါတယ်။

Training Ground Guru ရဲ့ podcast အစီအစဉ်မှာပဲ ပပ်လင်ဒါးက ဒီစနစ်ဟာ အလုပ်ဖြစ်မယ်လို့ သူ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း ပြောလာခဲ့ပါတယ်။

“ ကျနော်တို့ အပိုကစားသမား လိုချင်တယ်။ အဲ့တာအပြင်ကို ကွင်းလယ်မှာ ထရန့်မှာ ကစားစေချင်တယ်။ ဘာလို့လဲဆိုတော့ အတွင်းကနေ သူက နေရာတိုင်းကို လိုက်ပါ ကစားနိုင်ပါတယ်။ ဘယ်သူမှ မမြင်နိုင်တဲ့ တိုက်စစ်ကို ပေးပို့မှု လမ်းကြောင်းတွေကို သူရှာနိုင်ပါတယ်။

တိုက်စစ်သမားတွေ လက်ခံယူဖို့ကောင်းမယ့် ပေးချက်တွေကို သူပေးနိုင်တယ်။ ဒီဆုံးဖြတ် မလုပ်ခင် ယာဂင်နဲ့ ဆွေးနွေးခဲ့တာကိုတောင် သတိရမိသေးတယ်။

ယာဂင်ကို ‘ကျေးဇူးပြုပြီး လုပ်ပါ။ အလုပ်မဖြစ်ရင် ငါ့ရဲ့ တစ်နှစ်စာ လုပ်ခ အားလုံးကို လောင်းကြေးထပ်ပါမယ်။ ကြိုးစားကြည့်ရအောင်ပါ။ ဒီကောင်လေးကို ကွင်းလယ်မှာ ထားဖို့က အခုလုပ်ရဖို့ လိုနေတာ’ ဆိုပြီး တိုက်တွန်းခဲ့တာပါ ” လို့ သူက ပြောပြခဲ့တယ်။

အဲ့သည်စနစ်ဟာ လီဗာပူးနဲ့ အာဆင်နယ်တို့ ၂-၂ သရေကျတဲ့ပွဲမှာ မြင်သာခဲ့ပါတယ်။ လီဗာပူးအသင်းဟာ စနစ်သစ်နဲ့အတူ အခုချိန်ထိ ရှုံးပွဲမရှိသေးပါဘူး။ ဒါပေမယ့် ဒီစနစ်ဟာ ပြီးပြည့်စုံနေတာ ဆိုတာထက် ကောင်တာ အခြေအနေတွေမှာ အရင်ကလောက် အခြေအနေ မဆိုးတာမျိုး ဖြစ်ပါတယ်။

“ ဘောလုံးနဲ့အတူ အသင်းက ပြန်ပြီး ကျစ်လစ်လာတယ်၊ အသင်းက အတူတကွ ပြန်ဖြစ်လာတယ်။ ဟန်ချက်ညီလာတော့ ကောင်တာတွေမှာ ဒီစနစ် မတိုင်ခင်ကလောက် ထိုးဖောက် မခံရတော့ဘူး။ အပြောင်းအလဲက ကစားသမားတွေကို လွတ်လပ်စွာ ကစားခွင့် ပြန်ရလာစေတယ် ” လို့ လင်ဒါးက မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ၃-၄-၃ စနစ်မှာ ထရန့်ကို ကွင်းလယ် နံပါတ် ၆ နေရာမှာ ထားနေတာပါ။ ဒါပေမယ့်လို့ ၂၀၂၂ လောက်မှာတည်းက ထရန့်ဟာ ညာခြမ်းကနေ ကွင်းလယ် နံပါတ် ၁၀ နေရာကို ဝင်ကစားနေခဲ့ပြီးပြီဆိုတာကိုလည်း လင်ဒါးက ဝန်ခံခဲ့ပါသေးတယ်။

လက်တလောမှာ ထရန့်ဟာ ခံစစ်ကို နည်းနည်းပိုအာရုံစိုက်ရတဲ့ နေရာသစ်မှာ ပြန်ဆင်းနေတဲ့ သဘောပဲဖြစ်ပြီး ဒီရာသီမှာ အလုပ်ဆက်ဖြစ်နေဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။