အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံးအပတ်မှာ လီဗာပူး ချိတ်ဆက်ဖွယ်ရှိတဲ့ ခံစစ်မှူး (၂) ဦး

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက် စတင်ခဲ့ကတည်းက ဘယ်ခြမ်း ဗဟိုခံစစ်မှူးသစ် ခေါ်ယူမယ်လို့ လေသံပစ်လာခဲ့တာပါ။

စနစ်သစ်မှာ ရော်ဘတ်ဆန်ဟာ ရုန်းကန်နေရပြီး ဘုန်းမောက်ကို ရင်ဆိုင်ကစားတဲ့ ပွဲမှာတော့ ဘယ်အစွန်လူဟာ ခံစစ်မှူးနေရာမှာ တိုးတက်တဲ့ ခြေစွမ်းတွေ ပြသလာခဲ့ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်ပွဲကြိုမှာ အီဘူး ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့နောက် ခံစစ်မှူးသစ် ရလိုကြောင်း ကလော့ပ်က ထုတ်ပြောလာခဲ့တယ်။

ဘယ်ခြမ်းမှာ ကိုစတက်ရှိနေသေးပေမယ့်လို့ ဘယ်သူမှ စာရင်းထဲ သိပ်မထည့်ကြဘဲ ဂရိသားကလည်း ဘယ်ခြမ်း ခံစစ်မှူးနေရာမှာ ရော်ဘတ်ဆန် နည်းတူ ရုန်းကန်ရမယ်လို့ မြင်ထားကြပါတယ်။

လီဗာပူးအသင်း ခံစစ်မှူးသစ် ခေါ်ယူမယ်ဆိုရင် ကစားသမား ၂ ဦးကို ချိတ်ဆက်နိုင်တယ်လို့ သတင်းထောက် David Lynch က ဆိုပါတယ်။

တစ်ဦးကတော့ လေဗာကူဆင်အသင်းမှ အသက် ၂၁ နှစ်အရွယ် အီကွေဒေါ ခံစစ်သမား ပီရို ဟင်ကာပီဖြစ်ပါတယ်။ ကစားသမားက ပရီးမီးယားလိဂ်ထံ ပြောင်းလိုပြီး သူ့ကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူနိုင်မယ်လို့ အင်္ဂလန်သတင်းတွေက ဆိုပေမယ့် ဂျာမာန်ဘက်ကတော့ ပေါင် သန်း ၆၀ လို့ ဖော်ပြနေကြပါတယ်။

လေဗာကူဆင်ဟာ လီဗာပူး ဘယ်ခြမ်း ကစားသမား လုခ်ချမ်ဘာကို ခေါ်ယူလိုပါတယ်။ နည်းပြအလွန်ဆိုနဲ့ လီဗာပူးကြား ဆက်နွယ်မှုကောင်းရှိပေမယ့် ဒါဟာ အပြောင်းအရွှေ့မှာ အားသာချက်ဖြစ်စေမယ် မဆိုလိုပါဘူး။

လီဗာပူး နောက်ထပ် ခေါ်ယူလိုတဲ့ ခံစစ်မှူးက ပြင်သစ်ကလပ် Rennes အသင်း ခံစစ်မှူး အာသာ သီရက်ကိုလည်း စိတ်ဝင်စားနေတယ်။ အသက် ၂၃ နှစ်အရွယ် ဘယ်ဂျီယံခံစစ်မှူးကို ရလိုတယ်ဆိုရင် ပေါင် သန်း ၃၀ ပေးရမယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ deadline မတိုင်ခင် ဘာမဆို ဖြစ်လာနိုင်သေးပေမယ့် စျေးကွက် ပိတ်ချိန်ထိ ဘာမှ မဖြစ်လာရင်တော့ လီဗာပူးပရိသတ်တွေရဲ့ ဒေါသထုဟာ ပိုမို ကြီးမားလာဖွယ် ရှိပါတယ်။