လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက် နိုင်ပွဲရယူလာခဲ့ပေမယ့် ဒီအသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ နှုတ်ဖြင့် ချီးကျူးဖို့ကို နည်းပြကလော့ပ်က ငြင်းဆန်ပါတယ်။
ဒီရာသီမှာ လီဗာပူးအသင်းဟာ ယုံကြည်ဖို့ မကောင်းတဲ့ ပုံစံတွေကို အမြဲတမ်း ပြသထားပြီး ရလဒ်ကို မျှော်လင့်လို့ရပြီလို့ ယူဆလိုက်တိုင်း အရှုံးရလဒ်ကိုပဲ ရင်ဆိုင်ရလေ့ ရှိပါတယ်။ ပိုလောဘကြီးတဲ့ ပိုတိုက်ခိုက်လိုတဲ့ အသင်းအဖြစ် အနိုင် ၃ မှတ်ရခြင်းဟာ အကြီးကျယ်ဆုံး ဆုလာဘ်ဆိုတာကို ပြသကြလို့ စပါးပွဲကြိုမှာ ကလော့ပ်က တောင်းဆိုခဲ့တယ်။
ကလော့ပ်က ” ရလဒ်အတွက် တည်ငြိမ်မှု ရှိလာနေပြီလို့ ပြောဖို့ရာ ကျနော်အတွက်တော့ စောလွန်းနေတယ်။ ၃ ပွဲဆက် နိုင်တာလောက်က ပြန်တည်ငြိမ်လာတယ်လို့ မခေါ်ဘူး။ ကောင်းတာတော့ ကောင်းတယ် ဒါပေမယ့် တစ်ခုခုအတွက် စတင်မှု လုပ်လာနိုင်တယ်လောက်ပဲ ပြောလို့ရမယ်။
ရလဒ်တွေထက် စွမ်းဆောင်ရည်ပိုင်းမှာ ပိုပြီး တည်တည်ငြိမ်ငြိမ် လုပ်ပြနိုင်ရမယ်။ ပြင်ပလောကက လူတွေအတွက် ရလဒ်က အရေးကြီးတယ်။ ကျနော်တို့အတွက်ကျ စွမ်းဆောင်ရည်က အဓိကကျတယ်။ ဘာလို့လဲဆိုတော့ ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့ အလုပ်လုပ်ရတာမို့ပဲ။
ဒီအခြေအနေမှာတော့ ကျနော် ပျော်ပါတယ်၊ မတူညီတဲ့ ပြိုင်ဘက်တွေကို ရင်ဆို်င်ရတဲ့ ပွဲတွေမှာ ကျနော်တို့ မြင်လိုတာတွေကို မြင်ထားရတယ်လေ။ အဲ့တာကတော့ ကောင်းပါတယ်။ အမြဲတမ်း တိုးတက်လာဖို့လိုတယ်။ ပိုကောင်းလာအောင် ကြိုးစားနိုင်တာအတွက် ဆိုရင် အဆင်ပြေပါတယ်။
ဒါပေမယ့် အခုချိန်မှာ လီဗာပူးက ပြန်လုပ်ပြလာနိုင်ပြီလို့ ကျနော် ပြောဦးမှာ မဟုတ်ဘူး။ ဒီရာသီက ကျနော်တို့ကို သင်ခန်းစာ အချို့ ပေးထားပြီးပြီ ကျနော် ထပ်ပြီး မသင်ယူချင်တော့ဘူး ဒါပေမယ့် သင်ယူနေရတာပါပဲ။
ကျနော်တို့ သိပ်ရန်လိုဖို့လိုတယ်၊ သိပ်ကို ဘောဘကြီးရမယ်၊ ဘောလုံးမှာ အရေးအကြီးဆုံး ဆုလာဘ်က ဒီအပတ်မှာ အနိုင် ၃ မှတ်ရဖို့ပဲ ဆိုတာကို ပြသဖို့ လိုပါမယ်။ အဲ့အပေါ်မှာပဲ ကျနော်တို့ရဲ့ အာရုံစူးစိုက်မှုတွေ အားလုံး ထားရမယ် ” လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။