တစ်ယောက်လျော့ဖြင့် ကန်ခဲ့ရသလို ပြိုင်ဘက်ရဲ့ စော်ကားမှု ရခဲ့ရပေမယ့် ဒါဝင်ရဲ့ ထူးချွန်မှုဖြင့် နိုင်ပွဲရအောင် ယူပြခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် နယူးကာဆယ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ အံ့မခန်း နိုင်ပွဲတစ်ပွဲ ရယူသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပွဲအစ ၂၆ မိနစ်မှာ ဂိုးခွင့်ပြုခဲ့ရပြီး ၂၈ မိနစ် အသင်းခေါင်းဆောင် ဗန်ဒိုက်ကို အနီကဒ်ဖြင့် လက်လွတ်ခဲ့ရတာပါ။ ဒါပေမယ့်လို့ တစ်ပွဲလုံး တောင့်ခံသွားခဲ့ပြီး မိနစ် ၈၀ ကျော်မှာတော့ ဒါဝင် နူးညက်စ်ရဲ့ ပါးနပ် သေသပ်လှတဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ နယူးကာဆယ်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

တာထွက်မကောင်းတဲ့ လီဗာပူးအသင်းဟာ နယူးကာဆယ်ကို ကစားကွက် အသာဖြင့် မကစားနိုင်ခဲ့သလို ထရန့်ရဲ့ ပေါ့ဆမှုကနေ ဦးဆောင်ဂိုးပါ ခွင့်ပြုခဲ့ရပါတယ်။ ထရန့်ဟာ ကွင်းလယ်တက်ကစားတဲ့ နေရာမှာ မနှစ်က ကောင်းပေမယ့် ဒီရာသီ တော်တော်လေး ရုန်းကန်နေခဲ့ရတယ်။

ဒိုင်လူကြီးရဲ့ ခပ်လွယ်လွယ် အဝါပြမှုရပြီး မိနစ်ပိုင်းအကြာ ဂေါ်ဒန်ကို လက်နဲ့ ဖြန့်တားသလို ဖြစ်ခြင်းကြောင့် နှစ်ဝါ တစ်နီ တောင်းဆိုခဲ့ကြပေမယ့် ကံကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဆာလာ ပြန်ပေးတဲ့ ဘောလုံးကို မတားဆီးခဲ့ရာကနေ ဂေါ်ဒန်ကပဲ ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ အိုင်ဆက် ဘောလုံးရယူဖို့ ကြိုးစားစဉ် ယှဉ်လုခဲ့တဲ့ ဗန်ဒိုက်ကို ဒိုင်က တိုက်ရိုက် အနီကဒ် ပြသခဲ့တယ်။ အတော်လေး နားလည်ရခက်ခဲပေမယ့် ဒီရာသီ စည်းမျဉ်း အပြောင်းအလဲကြောင့် နောက်ဆုံး ခံစစ်သမားအဖြစ် မှတ်ယူခံရတဲ့ သဘောဖြစ်ပါတယ်။

ဗန်ဒိုက်ဖြစ်ရပ်အတွက် ပြိုင်ဘက်အသင်း လက်ထောက်နည်းပြက လီဗာပူးဘက်ကို လှည့်ပြီး စောဒက မတက်ဘဲ တိတ်တိတ်နေဆိုတဲ့ လေးစားမှုကင်းတဲ့ အပြုအမှုကို ပြသခဲ့ပါတယ်။

တစ်ယောက်လျော့ပြီးနောက် လီဗာပူး ကစားတာ တော်တော်လေးကို ကျစ်လစ်လာပြီး အခွင့်အရေး အကြိမ်ကြိမ်ရတဲ့ နယူးကာဆယ်ကို တောင့်ခံသွားခဲ့တယ်။ နောက်ပိုင်းမှာ လီဗာပူးအသင်းဟာ ခံစစ်ကို ၄ ယောက်တန်း ပုံစံ ပြောင်းပြီး ပိုပြီး စနစ်တကျ ခုခံခဲ့ပါတယ်။

ပြောတာလွယ်ပေမယ့်လို့ တစ်ယောက်လျော့ဖြင့် ကာလရှည် တောင့်ခံခဲ့ရတာ တော်တော်လေး စိတ်ဆင်းရဲဖို့ ကောင်းခဲ့ပါတယ်။ အလှည့်အပြောင်းဟာ ဒါဝင် နူးညက်စ်ကို လူစားလဲရာကနေ စတင်တာဖြစ်ပြီး လီဗာပူးက ကောင်တာ အခြေအနေကနေ တကယ့်ကို ကြောက်စရာကောင်းတဲ့ ပုံစံတွေ ပြောင်းလဲသွားပါတယ်။

ဒီပွဲမှာ ဒါဝင်ရဲ့ အဆုံးသတ်ချက် ထိုးဖောက်မှု နေရာယူမှန်မှုတွေက အဓိက ကျခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ပရိသတ်တွေကို အပျော်တွေ ပေးနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ ၂ ပွဲဆက် နိုင်ပွဲကို ရယူသွားခဲ့ပြီ ဖြစ်ပါတယ်။