ခံစစ် ၄ ယောက်တန်းကို ပိုသက်သောင့်သက်သာရှိခြင်း၊ ဒါဝင် ခြေစွမ်းတိုးတက်လာခြင်း၊ စည်းမျဉ်းသစ်တွေကို ဂရုစိုက်ရဖို့ရှိခြင်းနဲ့ နယူးကာဆယ်နိုင်ပွဲမှ ပြောစရာများ

ရာသီသစ် စည်းမျဉ်းသစ်

ဒီရာသီမှာ လီဗာပူးအသင်းဟာ ပိုင်ဆိုင်မှုပိုင်း ထိန်းချုပ်နိုင်ခြင်း မရှိသေးသလို ကစားဟန်က စည်းစနစ်ကျမှု အားနည်းပါတယ်။ ကလော့ပ်ဟာ စနစ်သစ်မှာ ကစားသမားသစ်တွေ အံဝင်ဖို့အတွက် ကြိုးစားနေပေမယ့် အသင်းရဲ့ ဖိအားပေးမှုကို လျော့ချစေခြင်း မရှိဘဲ ယခင်ပုံစံအတိုင်း ပြင်းပြင်းထန်ထန် အားထုတ်စေပါတယ်။

ပြဿနာတစ်ရပ်က လီဗာပူးရဲ့ ဖိအားပေးပုံဟာ စည်းမျဉ်းသစ်မှာတော့ အနည်းငယ် အကန့်အသတ်ခံလာရတာပါ။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ပရီးမီးယားလိဂ်ရဲ့ အသန့်ရှင်းဆုံး အသင်းနေရာမှာ လီဗာပူးက ၂ နှစ်ဆက်တိုက်လောက် နေခဲ့သလို စည်းကမ်းပိုင်း ထိပ်ဆုံးက ရှိနေတဲ့အသင်းပါ။ ဒါပေမယ့်လို့ အသင်း ပုံမှန်လုပ်နေကျ အပြုအမှုတွေဟာ ဒီရာသီမှာ အဝါကဒ်တွေ အနီကဒ်တွေ ဖြစ်လာနေတာက ဂရုစိုက်ရမယ့် ကိစ္စ ဖြစ်လာပါတယ်။

ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်တွေ စိတ်ပျက်ခွင့်ရှိတယ်၊ ဝေဖန်ခွင့်ရှိတယ် ဒါပေမယ့် ပွဲရလဒ်အပေါ်မှာ ပရိသတ်တွေရဲ့ ထင်မြင်ချက်ထက် ဒိုင်ရဲ့ ထင်မြင်ချက်ကပဲ အဆုံးအဖြတ်ပေးတာ ဖြစ်ပါတယ်။ အသင်းအနေနဲ့ အပြုအမှုပိုင်းဆိုင်ရာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ပုံစံဟောင်းကို ပိုမို အသားကျခြင်း

လီဗာပူးအသင်းသားတွေဟာ နယူးကာဆယ်တို့ရဲ့ ဖိအားပေးမှုကြားကနေ ဘောလုံးကို ၅ ကြိမ်ပြည့်အောင်တောင် ပေးဖို့ ခက်ခဲသလို ရော်ဘတ်ဆန်ကလည်း ဘောလုံး အတော်လေး ဆုံးရှုံးပါတယ်။ ဒါပေမယ့် တစ်ယောက်လျော့သွားတိုင်း ဒီခံစစ်ကြီးက ပိုလျော့ရဲရမယ့်အစား ပြောင်းပြန်ဖြစ်လာပြီး ပိုကျစ်လစ်သွားပါတယ်။

ဒီရာသီမှာ သိသာလာကတော့ ၁၁ ယောက်ချင်းမှာ အသင်းရဲ့ ကစားဟန်ဟာ အမှားများသလောက်၊ ၁၀ ယောက်ကျန် အနေအထားမှာ အသင်းရဲ့ စုစည်းမှုဟာ အတော်လေး ကျစ်လစ်နေတာပါပဲ။ ထူးခြားမှု တစ်ခုကတော့ ၁၀ ယောက်ကျန် အခြေအနေဆိုရင် လီဗာပူးခံစစ်ဟာ ၄ ယောက်တန်း ပြန်ပြောင်းသွားတတ်ပါတယ်။

ခံစစ် ၃ ယောက်တန်း အခြေအနေမှာ ဗန်ဒိုက်နဲ့ ညာခြမ်း ခံစစ်မှူး နေရာကို အယ်လီဆန်က ဝင်ဖြည့်ပေးပြီး ကစားကွက် တည်ဆောက်ဖို့ ကြိုးစားပေးလေ့ ရှိပါတယ်။ အယ်လီဆန်ဟာ ဘောလုံးပေးနိုင်သလို ကာကွယ်မှုကလည်း တော်တော်လေးကို ချီးကျူးသင့်ပါတယ်။

ဒီရာသီ လီဗာပူးခံစစ်ကို ကြည့်ရတာ ၃ ယောက်တန်းထက် ၄ ယောက်တန်း ပုံစံမှာ ပိုသက်သောင့်သက်သာရှိဟန် တူပါတယ်။ ဒါကလည်း မထူးဆန်းပါဘူး။ ဒီခံစစ်တန်းဟာ အတူတွဲကစားလာခဲ့တာ ကာလရှည် အနေအထား ရှိနေပါပြီ။ မကြာခင်မှာတော့ ၃ ယောက်တန်း ပုံစံမှာ ပိုမိုအံဝင်လာဖို့ မျှော်လင့်ပါတယ်။

အချိန်ကောင်းမှာ ရောက်ချလာတဲ့ ဒါဝင်

တကယ်တော့ ဒီရာသီကြိုမှာတည်းက ဒါဝင်ထံက ပုံစံကောင်းတွေကို ပရိသတ်တွေ သတိထားမိပါတယ်။ ဆာလာဟာ ယခင်ကလို ဂိုးသွင်းဖို့ထက် ဖန်တီးမှုပိုင်း ပိုအားသန်လာပါတယ်။ သူရဲ့ ညာခြမ်းနဲ့ ဒါဝင်ရဲ့ အထောင်နေရာက တွဲဘက်မှုဟာ အလုပ်ဖြစ်နိုင်တာကို ပရိသတ်တွေ သတိပြုမိကြပါတယ်။

နယူးကာဆယ်ပွဲမှာ ဒါဝင်ရဲ့ နေရာယူဟန်၊ ပြေးလွှားဟန်နဲ့ အဆုံးသတ်ချက်တွေဟာ မနှစ်ကနဲ့ လုံးဝ မဆိုင်ပါဘူး။ သူဟာ ပိုပြီး ပါးနပ်လာတယ်၊ အသင်းဖော်တွေနဲ့ ပိုပြီး အတွဲညီလာတယ်။ ကောင်တာပုံစံတွေမှာ အလုပ်ဖြစ်ခဲ့တာဖြစ်ကာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားချိန်မှာလည်း အလုပ်ဖြစ်ဖို့ မျှော်လင့်ပါတယ်။

Deadline

အပြောင်းအရွှေ့ နောက်ဆုံးရက်ဟာ ဒီအပတ် သောကြာနေ့ဖြစ်ပြီး အက်စတွန်ဗီလာပွဲ မတိုင်ခင်မှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ခံစစ်သမား၊ ကွင်းလယ်သမားတွေဖြင့် သတင်းထွက်နေဆဲဖြစ်ကာ ရာသီစ တာထွက်ကောင်းမှုကို ဆက်ထိန်းရင်း လူသစ်ရဖို့ မျှော်လင့်ရတာပဲ ဖြစ်ပါတယ်။