လီဗာပူးအသင်းကို ပိုကောင်းလာရေး အမြဲတမ်း လုံ့ဆော်လေ့ရှိတဲ့ ဂျင်မီ ကာရေဂါကတော့ စျေးကွက် နောက်ဆုံးအပတ်မှာ လူသစ် ၂ ဦး ခေါ်ယူဖို့ အသင်းကို တိုက်တွန်းလိုက်ပါတယ်။
ခံစစ်သမားဟောင်းကတော့ လက်ရှိ ချန်ပီယံ မန်စီးတီးကို ယှဉ်ပြိုင်နိုင်မယ့် အသင်း အနည်းငယ်ထဲ လီဗာပူး ပါဝင်ကြောင်း သတိပေးခဲ့ပြီး တာထွက် ကောင်းနေမှုကို အရှိန်တင်နိုင်ရေး ကွင်းလယ်လူနဲ့ ခံစစ်သမားသစ်ကို စျေးကွက် နောက်ဆုံးအချိန်ထိ ကြိုးစားဖို့ အလေးအနက် တောင်းဆိုခဲ့ပါတယ်။
ကာရေဂါက ” ပြီးခဲ့တဲ့ ၄ နှစ် ၅ နှစ်မှာ လီဗာပူးအသင်းက မန်စီးတီးအတွက် အကြီးမားဆုံး ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ မနှစ်ကရာသီမှာတော့ အာဆင်နယ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာကော ဘာလို့များ လီဗာပူးက မန်စီးတီးရဲ့ ပြိုင်ဘက် ဖြစ်မလာနိုင်ရမှာလဲ?
လီဗာပူး လက်ရှိ ပိုင်ဆိုင်ထားတဲ့ လူစာရင်းက မန်စီးတီးကို စိန်ခေါ်ဖို့ လုံလောက်အောင် မကောင်းပါဘူး။ ဒါပေမယ့်လို့ ဒီအပတ်မှာ စျေးကွက်ထဲဝင်ပြီး သူတို့ ခံစစ်သမား တစ်ဦးနဲ့ ကွင်းလယ်လူ တစ်ဦး ခေါ်ယူလို ရပါတယ်။ ဒါက ဖြစ်လာနိုင်ပါတယ် ဘာလို့လဲဆိုတော့ လီဗာပူးဟာ မန်စီးတီးရဲ့ အကြီးမားဆုံး ပြိုင်ဘက်တွေထဲက တစ်သင်း ဖြစ်နေဆဲမို့ပါ။
သူတို့ တာထွက်ကောင်းထားတယ်။ အယ်လီဆန်လို ကမ္ဘာ့အဆင့် ဂိုးသမားတစ်ယောက်၊ ဗန်ဒိုက်နဲ့ ဆာလာလို ကစားသမားဘဝ အကောင်းဆုံးနှစ်တွေ အဆုံးသတ်လုဖြစ်လာတဲ့ ကစားသမားတွေ ရှိထားတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ လီဗာပူးက ကိစ္စကြီးတွေကို ဆက်လုပ်နိုင်နေဆဲပါ။ နောက် တစ်နှစ် နှစ်နှစ်လောက် လုပ်နိုင်ပါသေးတယ်။
ဒီတော့ ဒီနောက်ဆုံးအပတ်မှာ အပြောင်းအရွှေ့ စျေးကွက်ထဲ ဝင်ပြီး မန်စီးတီးကို စိန်ခေါ်နိုင်ဖို့ လုံလောက်အောင် ကောင်းမွန်တဲ့ လူစာရင်းကို ဖန်တီးရအောင်ပါ ” လို့ စကိုင်းစပေါ့ကနေ ထောက်ပြခဲ့တယ်။
ကာရေဂါက စကိုင်းစပေါ့က သူ့ရဲ့ ပြောဆိုမှုကိုပဲ ပြန်ရှယ်ပြီး လီဗာပူးကို tag တွဲကာ ” ကျေးဇူးပြုပြီး ဒီအပတ်မှာ ဘယ်ခြမ်း ခံစစ်သမားနဲ့ ကွင်းလယ်လူသစ် ခေါ်ယူပေးပါ လီဗာပူးရေ ” လို့ တောင်းဆိုသွားခဲ့တာ ဖြစ်ပါတယ်။