

Al-Ittihad အသင်းဟာ မိုဆာလာကို ခေါ်ယူရေး နောက်ဆုတ်သွားမှာ မဟုတ်ဘဲ တိုက်စစ်သမားအတွက် ယူရို သန်း ၁၅၀ တန်ကြေးရှိ ကမ်းလှမ်းမှု ပေးတော့မယ်လို့ CBS Sports က ဖော်ပြလာပါတယ်။
ဆော်ဒီကလပ်ဟာ ဒီကာလကနေ စက်တင်ဘာလ ၂၀ ရက်ထိ ဆော်ဒီစျေးကွက် ဖွင့်ထားချိန်မှာ အီဂျစ်သားကို ခေါ်ယူဖို့အား ဦးစားပေးအဖြစ် ရွေးချယ်ထားတာပါ။ ၎င်းတို့ဘက်က ဆာလာအတွက် ပေးမယ့် ပြောင်းရွှေ့ကြေးဟာ နေမာကို ပေးခဲ့တာကို ကျော်ပြီး ဆော်ဒီဘောလုံးသမိုင်းမှာ အမြင့်ဆုံးသော ပမာဏ ဖြစ်လာဖို့ ရှိပါတယ်။
နည်းပြကလော့ပ်က ” မိုဆာလာက လီဗာပူးကစားသမား တစ်ဦးပါ၊ ကျနော်တို့ရဲ့ ကိစ္စတိုင်းအတွက် အရေးပါသူ ဖြစ်ပါတယ်။ ဆော်ဒီဘက်က တစ်ခုခု ဖြစ်လာလိုရင်တောင် အဖြေက ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာပဲ ဖြစ်ပါလိမ့်မယ် ” လို့ ငြင်းဆန်ထားတယ်။
ဆာလာကို ခေါ်ယူနိုင်မယ်ဆိုရင် Al Nassr အသင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို ရနေတဲ့ တစ်နှစ်လုပ်ခ နီးတူ ဒါမှမဟုတ် အဲ့ထက် ပိုများတဲ့ စာချုပ်ပေးဖို့ Al Ittihad အသင်းဘက်က ဆန္ဒရှိပါတယ်။
နယူးကာဆယ်ပွဲကြိုမှာလည်း သတင်းထောက်က ” ဆာလာရဲ့ ဇာတ်လမ်းတွေ ရပ်မသွားဘူးနော် ” လို့ ကလော့ပ်ကို မေးမြန်းရာမှာ နည်းပြကြီးက ” ငါ့အတွက်တော့ ရပ်သွားပြီ ” လို့ ထပ်လောင်း တုန့်ပြန်ပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်နဲ့ ခံစစ်ပိုင်း လိုအပ်ချက် ရှိနေပေမယ့်လို့ ပရီးမီးယားလိဂ်မှာ အတောင့်တင်းဆုံး တိုက်စစ်အဖြစ် တိုက်စစ်သမား ၅ ဦးထိ ပိုင်ဆိုင်ထားတာဖြစ်ကာ ဒီအနေအထားကို ဆက်ထိန်းလိုနေမှာပဲ ဖြစ်ပါတယ်။