လီဗာပူးအသင်း ခံစစ်မှူးသစ် မခေါ်ယူခဲ့ရင် ဒီရာသီ စီနီယာအသင်းမှာ နေရာရဖွယ် ရှိတဲ့ ကွမ်းဆက်

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ စျေးကွက် မပိတ်ခင်မှာ ကွင်းလယ်လူ တစ်ဦး ခေါ်ယူဖို့ သတင်းကြီးနေဆဲဖြစ်ပေမယ့် ဗဟိုခံစစ်မှူးသစ် ခေါ်ယူတာမျိုး မြင်ရဖို့တော့ အခွင့်အရေး နည်းပါးပါတယ်။

အသင်းခံစစ်မှာ ဗန်ဒိုက်၊ အီဘူး၊ ဂိုးမက်စ်၊ မာတစ်၊ နက်ဖီးလစ်နဲ့ ကွမ်းဆက်တို့ ၆ ဦး ရှိနေတာပါ။ ဒီရာသီကုန်ရင် မာတစ်ဟာ လီဗာပူးနဲ့ စာချုပ်ကုန်မှာဖြစ်သလို ဗန်ဒိုက်ကလည်း ၃၃ နှစ်ကို ရောက်လာတော့မှာမို့ ခံစစ်မှူးနေရာဟာ ပေါ့ပေါ့ဆဆ မထားသင့်တဲ့ အဓိကနေရာ ဖြစ်ပါတယ်။

ခါဘီအကယ်ဒမီရဲ့ အကောင်းဆုံး ခံစစ်သမားအဖြစ် နာမည်ရနေတဲ့ ကွမ်းဆက်ဟာ စီနီယာကစားသမား အဖြစ် မနှစ်တုန်းက လိဂ်ဝမ်း ကလပ်မှာ ရာသီဝက် အငှားထွက်ခဲ့ကာ ၁၆ ပွဲ ကစားခဲ့ဖူးသူပါ။ ရာသီကြို ပြင်ဆင်မှုမှာ ပါဝင်ခဲ့သလို မနေ့ကတော့ သူဟာ လီဗာပူးအသင်းနဲ့ ပွဲထွက်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

ကွမ်းဆက်က “ စိန့်ဂျိမ်းပက်ခ်ကွင်းမှာ တစ်ယောက်လျော့ ၁ ဂိုး ရှုံးနေတဲ့ အခြေအနေအတွင်း ပွဲထွက်ခွင့်ရမယ်လို့ လုံးဝ မမျှော်လင့်ထားပါဘူး။ ဒီတော့ ကစားခဲ့ရတဲ့ ပွဲမိနစ်တွေအကြောင်း နှုတ်က ထုတ်ပြောဖို့ သိပ်ခက်ခဲပါတယ် ” သူ့ရဲ့ ပွဲဦးထွက်အတွက် မှတ်ချက်ပေးခဲ့ပါတယ်။

အီဘူး မကြာခဏ ဒဏ်ရာပြဿနာရှိပြီး ကာလရှည် မဟုတ်ပေမယ့် ၁ ပွဲ ၂ ပွဲ အနားယူရလေ့ ရှိပါတယ်။ ဂိုးမက်စ်နဲ့ မာတစ်တို့ နယူးကာဆယ်ပွဲမှာ ခြေစွမ်း တည်ငြိမ်ခဲ့ကြပေမယ့် သူတို့က အတက်အကျမြန်တဲ့ ခံစစ်သမားတွေ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ အက်ဖ်အေနဲ့ ကာရာဘောင်းပွဲတွေ ကစားရမှာမို့ ဗန်ဒိုက်၊ အီဘူးတို့ကို အနားပေးရမယ့် အခိုက်အတန့်တွေ ရှိလာမှာပါ။ အကယ်လို့ ခံစစ်မှူးသစ် မရခဲ့ရင် ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဆိုပေမယ့် ကွမ်းဆက်အတွက်တော့ ကြီးမားတဲ့ အခွင့်အရေး ဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။

ထရန့်ကတော့ ” ဒီလိုပွဲကို နိုင်မယ်လို့ မမျှော်လင့်ထားပေမယ့် အသင်းသားတွေ စုစုစည်းစည်း ရှိနေရင် ဒါက ဖြစ်နိုင်ပါတယ်။ ကျနော်တို့မှာ အခွင့်အရေး ရှိပါတယ်။ လူစားဝင်လာတဲ့ အသင်းဖော်တွေက သိပ်ကောင်းတယ်။ ကွမ်းဆက်လည်း အပါအဝင်ပေါ့။ သူ သိပ်ကောင်းခဲ့ပါတယ် ” လို့ အသိအမှတ်ပြုစကား ပြောဆိုသွားပါတယ်။