အပြောင်းအရွှေ့ နောက်ဆုံး သီတင်းပတ်၊ ဆာလာအတွက် ပထမအကြိမ် ကမ်းလှမ်းမှု စရဟန်ရှိခြင်း၊ မာတစ်၊ ဂိုးမက်စတို့ကို စိတ်ဝင်စားလာကြခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

နည်းပြကလော့ပ်ဟာ လီဗာပူးအသင်း နည်းပြဖြစ်ပြီး သူ့ကို လေးစားတယ်လို့ ဒါဝင်က ဆိုပါတယ်။ သူ့အတွက်ကတော့ တိတ်တိတ်ဆိတ်ဆိတ် ကြိုးစားနေဖို့ဖြစ်ပြီး ပွဲကစားခွင့်ရချိန်မှာ ဘာလုပ်နိုင်တယ် သက်သေပြဖို့ပါလို့ ဖွင့်ဟလာပါတယ်။

ဗန်ဒိုက်ဟာ နယူးကာဆယ်ပွဲမှ အနီကဒ်အတွက် ၁ ပွဲပယ် ပြစ်ဒဏ်ကိုပဲ ကျခံရမှာ ဖြစ်ပေမယ့်လို့ ဒိုင်လူကြီးတွေကို ပြန်လည် တုန့်ပြန်မှုအတွက် ထပ်တိုး ပြစ်ဒဏ်မျိုး ပေးခံရနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

စျေးကွက် မပိတ်ခင် လူသစ် တစ်ဦးပဲ ခေါ်တော့မယ်ဆိုရင် သီယာဂို၊ အန်ဒို၊ ဘာ့ဆီတစ်တို့ ရှိနေတဲ့ ကွင်းလယ်ခံစစ်အစား ပိုမို အားနည်းတဲ့ ဗဟိုခံစစ်မှူးသစ်ကိုပဲ အာရုံစိုက်သင့်ကြောင်း တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါတယ်။

ဆော်ဒီကလပ် Al-Ittihad အသင်းဟာ သူတို့ အလိုရှိတဲ့ ကစားသမားများ စာရင်းမှ လီဗာပူးခံစစ်မှူး ဂိုးမက်စ်ကိုပါ ထည့်ထားပါတယ်။ လာမယ့် ရက်တွေအတွင်း ဂိုးမက်စ်အတွက် ကြိုးစားမှု ပြုလုပ်ခဲ့ရင်တောင် လီဗာပူးဘက်ကတော့ တားဆီးသွားမှာပါ။

ပြင်သစ်ကလပ် Rennes အသင်းဟာ စျေးကွက် နောက်ဆုံးရက်တွေမှာ ခံစစ်မှူး အာသာသီရက်ကို လက်လွတ်ရရင် အစားထိုးဖို့ လီဗာပူး ခံစစ်မှူး မာတစ်ကို ချိန်ရွည်ထားပါတယ်။

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို ရနိုင်ဖို့ အခြားသော အသင်းတွေနဲ့ အပြိုင် ကြိုးစားဆဲဖြစ်ကာ အငှားအတွက်ကော အပြီးသတ် အတွက်ပါ လမ်းပွင့်နေဆဲ ဖြစ်ပါတယ်။

ဒီနွေမှာ ဒါဝင် နူးညက်စ်ဟာ ရောင်းရန် မဟုတ်ကြောင်း ချဉ်းကပ်မှုတွေအား လီဗာပူးဘက်က အကြောင်းပြန်ထားပြီ ဖြစ်ပါတယ်။

Al-Ittihad ဘက်က ဆာလာအတွက် ပေါင် ၈၅ သန်း ဖြင့် စတင် ကမ်းလှမ်းပေမယ့် ပယ်ချခဲ့ကြောင်း ကိစ္စကို FSG ဘက်က တိုက်စစ်သမားကို အသိပေးခဲ့ပါတယ်။

လီဗာပူးအသင်း စျေးကွက်နောက်ဆုံးရက်အတွင်း ချိတ်ဆက်ဖွယ်ရှိတဲ့ ခံစစ်မှူးဟာ လေဗာကူဆင်မှ ပီရဲရိုး ဟင်ကာပီရေး ဖြစ်ပါတယ်။ အီကွေဒေါ ခံစစ်မှူးကို ဂျာမာန်ကလပ်ဘက်က ရောင်းထုတ်ပေးမယ် အာမခံချက်တော့ မရှိပါဘူး။