ဗန်ဒိုက်ရဲ့ ပြစ်ဒဏ်ကို ထပ်တိုးဖို့ ဒိုင်လူကြီး အစီရင်ခံစာ စောင့်ဆိုင်းနေတဲ့ အက်ဖ်အေ

လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ နယူးကာဆယ်ကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ကွင်းထဲက ထုတ်ပယ်ခံရစဉ် ပြန်တုန့်ပြန်လိုခဲ့တဲ့ အပြုအမှုကြောင့် ထပ်တိုး ပွဲပယ်ပြစ်ဒဏ်ကို ရင်ဆိုင်ခံရနိုင်ပါတယ်။

ဗန်ဒိုက်ဟာ သူ့ရဲ့ လီဗာပူး ကစားသမားဘဝ ပထမဆုံးသော အနီကဒ်ကို အဆိုပါပွဲမှာ ရရှိခဲ့တာပါ။ အိုင်ဆက်ရဲ့ ခြေထောက်ထဲက ဘောလုံးကို ရှင်းထုတ်ရာမှာ တိုက်စစ်သမားရဲ့ ခြေကို ခတ်ခဲ့မိတယ်ဆိုကာ ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးကို ဟန့်တားတဲ့ စည်းမျဉ်းဖြင့် တိုက်ရိုက် အနီကဒ် ထိခဲ့ခြင်း ဖြစ်ပါတယ်။

အနှေးပြကွက်တွေအရ ဗန်ဒိုက်ဟာ ဘောလုံးကို ပိုင်ပိုင်နိုင်နိုင် ရှင်းထုတ်နိုင်ခဲ့ပေမယ့် အိုင်ဆက်ရဲ့ ညာခြေကို အနည်းငယ် ထိတွေ့မှု ရှိခဲ့တာ ဖြစ်ပါတယ်။ တမင်ရည်ရွယ်ခြင်း မပါတဲ့ ဒီထိတွေ့မှုမှာ ဗန်ဒိုက်က နောက်ဆုံး ခံစစ်သမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဗန်ဒိုက်ကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဖြစ်ခဲ့ကာ လက်ညှိုးထိုးပြီး ပြန်အော်ခဲ့ပါတယ်။ ဒါ့အပြင် ကွင်းထဲကနေ ထွက်လာခဲ့ချိန်မှာ စတုတ္ထဒိုင်ကို “F****** joke.” လို့ ဒေါသပေါက်ကွဲစွာ အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်ပွဲက တိုက်ရိုက်အနီအတွက် ဗန်ဒိုက်ဟာ တစ်ပွဲပယ် ပြစ်ဒဏ်ပဲ ကျခံရမှာ ဖြစ်ပေမယ့် ဒိုင်လူကြီးအပေါ် မချေမငံ ဆက်ဆံမှုအတွက် ထပ်တိုး ပြစ်ဒဏ် ပေးခံရဖွယ် ရှိနေတာပါ။ အက်ဖ်အေကတော့ ကွင်းလယ်ဒိုင်လူကြီးရဲ့ အစီရင်ခံစာကို စောင့်ဆိုင်းနေကာ ထပ်တိုး ၁ ပွဲပယ် ပြစ်ဒဏ် ပေးနိုင်ပါတယ်။

နည်းပြကလော့ပ်ကတော့ ဗန်ဒိုက်ရဲ့ အနီကဒ်ကိစ္စ ဘာလုပ်ရမယ်ဆိုတာ ကြည့်ကြပါဦးမယ် ပြောဆိုထားတာဖြစ်ပါတယ်။ အက်ဖ်အေဘက်ကပါ အရေးယူရင်တော့ ၂ ပွဲပယ်ခံရဖွယ်ရှိကာ နိုင်ငံတကာ သီတင်းပတ်အပြီး ပြန်ကစားရမယ့် ဝုဗ်နဲ့ အဝေးကွင်းပွဲပါ လွဲချော်ဖွယ် ရှိပါတယ်။