

လီဗာပူးအသင်း လက်ထောက်နည်းပြ ပပ်လင်ဒါးက အက်ဆာလေ့ကျင့်ရေးမှာ ကလပ် ပုံမှန် လုပ်နေကျ နည်းစနစ်အချို့ကို Training Ground Guru နဲ့ တွေ့ဆုံမှုမှာ ထုတ်ပြောလာပါတယ်။
သီးသန့်ဆန်တဲ့ အချို့သော နည်းစနစ်ကလွဲလို့ ထိပ်သီးအသင်းတွေဟာ ဥရောပ ဘောလုံးအဆင့်အတန်း တိုးတက်ရေးအတွက် သူတို့ရဲ့ နည်းစနစ်တွေကို ပြန်လည် မျှဝေမှု ပြုလုပ်ပေးတာဟာ အစဉ်အလာ တစ်ခုဖြစ်ပါတယ်။ အဲ့လို ပရိုဂရမ်မျိုးကနေ လင်ဒါးက အခုလို ပြောပြလာပါတယ်။
ပပ်လင်ဒါးက ” ကျနော်တို့ရဲ့ အဓိက အခြေခံတွေထဲ တစ်ခုကတော့ ကောင်တာ ဖိအားပေးပဲ ဖြစ်ပါတယ်။ ယာဂင်က အဲ့လို ကစားဖို့ တောင်းဆိုနေတာ မဟုတ်ဘဲ အဲ့လို ကစားရမှာကိုက ဥပဒေသ ဖြစ်ကြောင်း ပြောထားပါတယ်။ ကောင်တာ ဖိအားပေးဟာ ဘောလုံးဆုံးရှုံးချိန်မှာ လုပ်ကိုလုပ်ရမယ့် ကိစ္စပါပဲ။
ဘောလုံးကို လိုက်ပြီး ပြန်လုနေရချင်လား ဒါမှမဟုတ် အခွင့်အရေး ဖန်တီးပြီး ဂိုးတွေ သွင်းချင်လား ဆိုတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
ကျနော်တို့ တိုက်စစ်ကို တိုက်ခိုက်လိုစိတ် အပြည့်နဲ့ ကစားပါတယ်။ ကောင်တာ-ဖိအားပေးတာကို ထပ်ပြီး တိုက်ခိုက်ဖို့ အခိုက်အတန့်အဖြစ် ကျနော်တို့ သုံးပါတယ်။ ဘာလို့လဲဆိုတော့ အကြိမ် အတော်များများမှာ ဒီလို အခိုက်အတန့်ကပဲ ပြိုင်ဘက်တွေ စုဖွဲ့မှု မကောင်းဆုံး အချိန် ဖြစ်လို့ပါပဲ။
ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းမှာ ကျနော်တို့ ဘောလုံးကစားချင်တယ်၊ ဖြစ်နိုင်သလောက် အချိန်အကြာကြီး ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းမှာပဲ ရှိနေချင်တယ်။ ဒါမှပဲ ကျနော်တို့ တိုက်စစ်သမား ၃ ယောက်ထံကနေ အခွင့်အရေးတွေ မျှော်လင့်လို့ ရမှာပါ။
ဖိအားပေးတာနဲ့ ကောင်တာ ဖိအားပေးတာဟာ ခြားနားမှုတွေကို လုပ်ပေးနိုင်တယ်လို့ ကျနော်တို့ အမြဲပြောပါတယ်။ ချန်ပီယံလိဂ် နိုင်တာပဲဖြစ်ဖြစ်၊ ရှုံးတာပဲဖြစ်ဖြစ်။ ပရီးမီးယားလိဂ် အနိုင်ရတာဖြစ်ဖြစ်၊ ဒုတိယရတာပဲဖြစ်ဖြစ် ဒီလို ကစားဖို့က အဓိကပါပဲ ” လို့ ရှင်းပြခဲ့တယ်။
လီဗာပူးရဲ့ ဖိအားပေးမှု တိုးတက်လာရေး စနစ်တွေထဲက တစ်ခုကတော့ ကွင်းထဲမှာ အသင်း ၃ သင်းကို တစ်ပြိုင်တည်း ထည့်ပြီး ဘောလုံးကိုင်နိုင်မှုနဲ့ ဖိအားပေးမှုကို လေ့ကျင့်စေတာမျိုးပါ။ ထရန့်က သူ့စိတ်ကြိုက် အသင်းဖော် ၇ ဦး၊ ဗန်ဒိုက်က ၇ ဦး၊ ဆာလာက ၇ ဦးတို့ဖြင့် အကျိတ်အနယ် လေ့ကျင့်ကြတာမျိုးက ပင်မ လေ့ကျင့်ရေး အစီအစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။
” ကျနော်တို့ ကောင်တာ-ဖိအားပေးတာအတွက် အသင်း ၃ သင်းခွဲကစားတယ် ။ ဒါက သူတို့ကို ဘောလုံး ထိန်းထားနိုင်ဖို့ အကူအညီ ဖြစ်စေတယ်။ သူတို့ ဘောလုံးကို ထိန်းထားပြီး ပိုကောင်းကောင်း ထိုးဖောက်နိုင်လေ ခုခံရမှု နည်းလေပါပဲ။ ” လို့ လင်ဒါးက ရှင်းပြခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဒီနှစ်တွေထဲ နည်းစနစ် အပြောင်းအလဲတွေကို ပြုလုပ်လာသလို တည်ကန်ဘော အခြေအနေအတွက် သီးသန့် လေ့ကျင့်ရေးကွင်း၊ ဘောလုံး ထိန်းသိမ်းမှုအပိုင်းအတွက် သီးသန့် လေ့ကျင့်ရေးဇုန်တွေကိုပါ တွဲဘက် လေ့ကျင့်မှုကို စတင်နေပြီ ဖြစ်ပါတယ်။
လီဗာပူးရဲ့ အက်ဆာ လေ့ကျင့်ရေးမှာ လေ့ကျင့်ရေးကွင်း A, B ဟာ အန်ဖီးကွင်းပုံစံတူ မြက်ခင်းပြင်ဖြစ်ပါတယ်။ ကွင်း C ကတော့ အဆိုပါ နှစ်ကွင်းထက် ပိုကြီးပြီး တည်ကန်ဘော လေ့ကျင့်စရာ four boxes ပါတဲ့ ကွင်း D လည်း ရှိပါတယ်။ ကွင်း D ရဲ့ ထိပ်တွေမှာ ဘက်စ်ကတ်ဘော ပိုက်တွေ တပ်ထားပါတယ်။
အက်ဆာမှာ ရှိတဲ့ ထူးထူးခြားခြား နေရာကတော့ Melwood Arena လို့ ခေါ်ပါတယ်။ အခုထိတော့ မမြင်ဖူးသေးပေမယ့် အစဉ်အလာ လေ့ကျင့်ရေး နေရာတော့ မဟုတ်ဘဲ ပပ်လင်ဒါးရဲ့ အကြံပေးမှုကနေ ကလော့ပ်က ခွင့်ပြုမိန်ဖြင့် တည်ဆောက်ထားတဲ့ လေ့ကျင့်ရေး နေရာသစ်ပဲ ဖြစ်ပါတယ်။