ပရီးမီးယားလိဂ် နည်းပြဟောင်း ဘီရယ်ဆာထံက အကြံပေးမှုကြောင့် နယူးကာဆယ်ပွဲမှာ အလုပ်ဖြစ်ခဲ့တဲ့ ဒါဝင်

ဇူလိုင်လတုန်းက လီဗာပူး သတင်းထောက် Neil Jones ဟာ သူ့ရဲ့ This Is Anfield အတွက် ရေးသားတဲ့ ဆောင်းပါးမှာ ဒါဝင်နဲ့ တွေ့ဆုံစဉ် စကားပြောဆိုမှုတွေကို ထည့်သွင်းရေးသားခဲ့ပါတယ်။

အဲထဲမှာတော့ လီဗာပူး တိုက်စစ်သမား ဒါဝင်ဟာ ဒီရာသီကြိုမှာ လက်ရွေးစင်နည်းပြ ဘီရယ်ဆာထံက တစ်ဦးချင်း အကြံပေးမှုတွေကို Zoom ကနေ နားထောင်ခဲ့ရကြောင်း ပြောပြမှု ပါဝင်ခဲ့ပါတယ်။ ဘီရယ်ဆာက ဒါဝင်ရဲ့ ကစားဟန် အချို့ကို ပြင်ဆင်ပေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

“ ဘီရယ်ဆာက ပိုကောင်းလာမယ်လို့ သူထင်တဲ့ ကိစ္စတွေနဲ့ ကျနော်ကို ပြင်ဆင်ပေးပါတယ်။ ဥပမာပေးရရင် ပြိုင်ဘက် ခံစစ်ကြောင်း တစ်ခုလုံးရဲ့ ရှေ့မှာ နေရာယူနေဖို့နဲ့ ပြေးထွက်မယ်ဆိုရင် ဒုတိယခံစစ်သမားရဲ့ ရှေ့ကနေ မပြေးဘဲ သူ့ရဲ့ နောက်ကျောဘက်ကနေ ပြေးဖို့ပါ။ ဒီတော့ ခံစစ်သမားက ကိုယ်ကို လူကပ်ထားဖို့ ခက်ခဲသွားပါပြီ ” လို့ ဒါဝင်က ပြောပြပါတယ်။

ဒီလို ပြေးထွက်မှုနဲ့ ဒါဝင်ဟာ နယူးကာဆယ်ပွဲမှာ ဘော့မန်းကို နောက်ကျောကနေ ကျော်ဖြတ်ပေးပြီး သွင်းဂိုး ၂ ဂိုး ရခဲ့ပါတယ်။ ဥရုဂွေးလက်ရွေးစင် နည်းပြရဲ့ တစ်ဦးချင်း အကြံပေးမှုတွေဟာ ဒါဝင် ပိုတိုးတက်လာစေဖို့ ဖြစ်လာနေပါတယ်။

ဒါဝင်ဟာ အက်ဆာလေ့ကျင့်ရေးမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြီး နည်းပြအဖွဲ့က သူ့ရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုပါတယ်။ ရာသီအစမှာ အသင်း ခြေစွမ်းတည်ငြိမ်ဖို့နဲ့ ရလဒ်တွေ ယူနိုင်ရေး တိုက်စစ်ပိုင်း ရွေးချယ်ရာမှာတော့ နည်းစနစ်ပိုင်းမှာ ပိုမို အံဝင်ထားသူတွေကို ဦးစားပေးနေရဆဲပါ။

“ အသင်းမှာ ဆာလာ၊ ဒီယက်စ်၊ ကုတ်ဒီနဲ့ ဂျိုတာတို့ ရှိပါတယ်။ အားလုံးက ထိပ်တန်းအဆင့် ကစားသမားသမားတွေပါ။ ကျနော်က ကစားသမားတွေကြား ပြိုင်ဆိုင်မှု ကြီးမားတဲ့ အသင်းကြီးတစ်သင်းထံ ရောက်နေတာပါ။ ဒါကြောင့်ပဲ ကျနော်တို့ကို လီဗာပူးလို့ ခေါ်တာပါ။ အသင်းဖော်တိုင်းက အရည်အချင်း အပြည့်နဲ့ပါ ” လို့ ဒါဝင်က ပြောခဲ့တာ ဖြစ်ပါတယ်။

သွင်းဂိုးနနဲ့အတူ ယုံကြည်ချက်တွေ ရနေခဲ့ပြီဖြစ်တဲ့ ဒါဝင်ဟာ ဒီအပတ် အက်စတွန်ဗီလာပွဲမှာ ပွဲထွက်ခွင့်ရမလား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။