မိနစ် ၂၀ ပဲ ကစားရသေးပေမယ့် ကွမ်းဆက်ရဲ့ နာမည် ရေပန်းစားလာရတာ ဘာကြောင့်လဲ

လီဗာပူးလူစာရင်းမှာ ဂျုဝယ် ကွမ်းဆက် ပါဝင်လာခြင်းကို သဘောကျတဲ့သူတွေကော သဘောမကျတဲ့သူတွေပါ ရှိကြပါတယ်။ တချို့ကတော့ လူမခေါ်ချင်လို့ အကယ်ဒမီက တစ်ယောက်ကို စီနီယာလူစာရင်းထဲ ခေါ်ထားတာလို့ မြင်သလို တချို့ကျတော့ ဒီကောင်လေးက အလားအလာရှိသူလို့ မြင်ပါတယ်။

ကွမ်းဆက်ရဲ့ ကစားသမားဘဝ မှတ်တမ်းကလည်း နည်းနည်း သံသယဝင်စရာ ရှိပါတယ်။ သူဟာ မနှစ်က လိဂ်ဝမ်းကလပ် ဘရစ်စတို ရိုဗာ အသင်းထံ ရာသီဝက် အငှားထွက်ခဲ့ပြီး ၁၆ ပွဲ ကစားခဲ့ပါတယ်။ ဒါဟာ ကွမ်းဆက် ကစားဖူးသမျှ စီနီယာပွဲ အားလုံး ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် အတွေ့အကြုံ နည်းတဲ့ သူ့အပေါ် အရမ်းကြီး မမျှော်လင့်ကြတာ သဘာဝကျပေမယ့် အကယ်ဒမီနဲ့ အင်္ဂလန် သက်တမ်းအလိုက် အသင်းတွေမှာ ကွမ်းဆက်က နာမည်ရှိသူတစ်ဦး ဖြစ်ပါတယ်။ ခါဘီမှာတော့ လီဗာပူးအကယ်ဒမီက မွေးထုတ်တဲ့ အကောင်းဆုံး ခံစစ်မှူးဆိုတဲ့ ဂုဏ်ပုဒ်ကို ရခဲ့ပါတယ်။

ကွမ်းဆက်ဟာ မနှစ်ကနွေမှာ အင်္ဂလန် ယူ-၁၉ အသင်းနဲ့ လူငယ် ယူရိုဖလား အောင်မြင်ခဲ့ပါတယ်။ သူဟာ ယူ-၁၉ အသင်းရဲ့ ခံစစ်နှလုံးသားအဖြစ် ပါဝင်ခဲ့သူပါ။ ဒီနွေမှာတော့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန် ယူ-၂၀ အသင်းရဲ့ အရေးပါသူ တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် လူပြောအများဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။

အကယ်လို့ သက်တမ်းအလိုက် အင်္ဂလန်နည်းပြတွေထံ ကွမ်းဆက်အကြောင်း မေးခဲ့ရင် နိမ့်ချတတ်သူ၊ သင်ယူလိုစိတ်ရှိသူ၊ အလားအလာရှိသူ စတဲ့ တော်တော်လေးကောင်းတဲ့ မှတ်ချက်တွေပဲ မြင်ရပါလိမ့်မယ်။ အင်္ဂလန်နည်းပြတွေက ကွမ်းဆက်ကို လက်ရွေးစင် အသင်းကြီးထံ ရောက်ဖို့ထိ မှန်းဆထားကြပါတယ်။

အင်္ဂလန်လက်ရွေးစင် နည်းပြတွေက အများကြီး အလားအလာရှိသူလို့ အားကိုးခံရတဲ့ ကွမ်းဆက်ဟာ နွေရာသီကြိုမှာ အသင်းနဲ့ ပူးပေါင်းဖို့ ကလော့ပ်ရဲ့ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ သူဟာ ဂျာမနီနဲ့ စင်္ကာပူ ခရီးစဉ်မှာ ဆက်တိုက် ပါဝင်သွားခဲ့သလို ခြေစမ်းပွဲတွေမှာပါ ပါဝင်ကစားခဲ့ပါတယ်။

နယူးကာဆယ်ပွဲမှာ ကိုနတေး ဒဏ်ရာကြောင့် မပါနိုင်သလို ဗန်ဒိုက်လည်း အနီကဒ်နဲ့ ထွက်ခဲ့ရပါတယ်။ မာတစ် ပွဲချိန်ပြည့် မကစားနိုင်တာမို့ အချိန်ပို အပါအဝင် နောက်ဆုံး မိနစ် ၂၀ စာကို ကွမ်းဆက် ဝင်ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။

ကွမ်းဆက်ဟာ ညာခြမ်း ခံစစ်မှူးနေရာ တာဝန်ယူခဲ့တာဖြစ်ပြီး ဘောလုံးထိချက် ၈ ကြိမ်၊ ဘောလုံးပေးချက် ၅ ကြိမ်ပဲ ရှိခဲ့ပါတယ်။ သို့ပေမယ့် သူ့ရဲ့ စိတ်တည်ငြိမ်မှု၊ ဘောလုံး ဉာဏ်ရည်ရှိမှု၊ ခံစစ်မှူး တစ်ယောက်ရဲ့ မာမာကျောကျော ပြေးလွှားအားထုတ်နိုင်မှုတွေဟာ အသင်းနိုင်ပွဲအတွက် အကူအညီ ဖြစ်ခဲ့ပါတယ်။

ကွမ်းဆက် ပါဝင်လာပြီး နယူးကာဆယ်ကို တောင့်ခံခဲ့တဲ့ အဆိုပါ မိနစ် ၂၀ မှာ ညာခြမ်းတောက်လျှောက် မွေနှောက် ခုခံခဲ့သူက ထရန့်ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကွမ်းဆက်ဟာ လူသစ်တစ်ယောက် အနေနဲ့ ထိတ်ပြာနေခြင်း မရှိဘဲ ခံစစ် နေရာလွတ်တွေကို ပိတ်ထားတာ၊ လိုင်းတွေကို ကျော်ဖြတ်ပြီး မပေးနိုင်အောင် နေရာယူထားရာမှာ ပါးနပ်ခဲ့ပါတယ်။

အထူးသဖြင့် ထရန့် တစ်ယောက် နံပါတ် ၆ နေရာကနေ ညာခြမ်း ဗဟိုခံစစ်နေရာ ဝင်ပါချိန်၊ ဗဟိုခံစစ်နေရာကနေ ညာခြမ်းကို ထွက်ချိန်တွေမှာ ကွမ်းဆက်ဟာ ၃ ယောက်တန်း ကစားဖို့ကော ၄ ယောက်တန်း ကစားဖို့ပါ အလိုက်သင့် နေရာလိုက်ချိန်းပေးနိုင်ခဲ့ပါတယ်။

ကွမ်းဆက်ဟာ နည်းစနစ်ပိုင်း အများကြီး တိုးတက်နိုင်သေးတဲ့ အသက်အရွယ် ဖြစ်ကာ နည်းပြအဖွဲ့ကတော့ အသက် ၂၀ အရွယ် ခံစစ်မှူးကို အငှားမချတော့ဘဲ ဒီရာသီရှည်အတွက် သူ့ကို ထည့်တွက်သွားတော့မှာပါ။

နယူးကာဆယ် ပွဲအပြီးမှာဆိုရင် ကွမ်းဆက်အကြောင်း ဖော်ပြချက်တွေ အတော်လေး များလာတာကို မြင်ရပါလိမ့်မယ်။ များစွာသော လီဗာပူးပရိသတ်တွေကတော့ ကွမ်းဆက် စီနီယာအဆင့်မှာ တိုးတက်လာတာကို မြင်ရဖို့ထက် ခံစစ်မှူးသစ်ရတာကိုပဲ မြင်လိုကြဆဲပါ။

ညာအစွန်လူ လိုအပ်ချက်အရ စီနီယာအသင်းထံ ခေါ်ယူခဲ့ရချိန် ထရန့်ဟာ ရလာတဲ့ အခွင့်အရေးကို အသုံးချပြီး ပရိသတ်ချစ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ကွမ်းဆက်ကလည်း ထရန့်ရဲ့ ခြေရာနင်းပြီး ဗဟိုခံစစ်မှူး လိုအပ်ချက်ရှိနေတဲ့ အခွင့်အရေးကို ယူနိုင်ဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။