ဘရတ်ဒလေ ဒဏ်ရာ သတင်းဆိုး ပေါ်ထွက်လာ၊ ကွင်းလယ်ထက် ခံစစ်က ပိုအားပျော့လာတဲ့ လီဗာပူး

လီဗာပူး ညာခြမ်း ကစားသမား ကော်နာ ဘရတ်ဒလေရဲ့ ဒဏ်ရာဟာ မူလ မျှော်မှန်းထားသလို အသေးစား ဒဏ်ရာ မဟုတ်တာကြောင့် နိုဝင်ဘာလ မတိုင်ခင်ထိ ဘောလုံး ပြန်ကစားနိုင်တော့မှာ မဟုတ်ပါဘူး။

လီဗာပူးရဲ့ ရာသီကြို ခြေစမ်းပွဲ အချို့မှာ ပါဝင်နိုင်ခဲ့တဲ့ ဘရတ်ဒလေဟာ လက်စတာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ယှဉ်ပြိုင်ကစားတဲ့ အာရှ ခြေစမ်းပွဲ လူစာရင်းမှာ ဒဏ်ရာကြောင့် ချန်လှပ်ခံခဲ့ရသူပါ။ ကလပ်က သူ့ရဲ့ ဒဏ်ရာဟာ အသေးစားပဲဖြစ်တယ်လို့ ဖော်ပြခဲ့ပေမယ့် မျှော်လင့်ထားတာထက် ပြင်းထန်နေခဲ့ပါတယ်။

အသင်းနဲ့ လေ့ကျင့်ရေး မဆင်းနိုင်တာ ၁ လကျော် ရှိနေပြီဖြစ်တဲ့ ဘရတ်ဒလေဟာ နောက်ထပ် ၃ လ လောက် ဆက်လက် အနားယူနေရမှာပါ။ လူငယ်တွေမှာ ဖြစ်လေ့ရှိတဲ့ ဒဏ်ရာလို့ သိရပြီး ဘရတ်ဒလေက ပြန်လည် ထူထောင်ရေး ကိစ္စတွေကို စတင်နေပြီ ဖြစ်ပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က နယူးကာဆယ်ပွဲ နောက်ဆက်တွဲအဖြစ် ၂ ပွဲပယ်ခံရဖို့ နီးစပ်နေပါတယ်။ သူဟာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် နောက်ဆုံးပွဲဖြစ်မယ့် အက်စတွန်ဗီလာပွဲနဲ့ ဝုဗ်ပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အီဘူးကတော့ အက်စတွန်ဗီလာပွဲကို ဆက်လွဲဦးမှာ ဖြစ်ပါတယ်။

မာတစ်ဟာ ပွဲတွေကို မိနစ် ၉၀ ပါဝင်နိုင်ဖို့တောင် ကြံ့ခိုင်မှု ရုန်းကန်နေရပြီး ဂိုးမက်စ် တစ်ဦးတည်း ကြံ့ခိုင်မှု ကောင်းမွန်တဲ့ ခံစစ်သမားအဖြစ် ကျန်ရှိနေပါတယ်။ တွဲဘက်အဖြစ် ကွမ်ဆက်ကို ရွေးချယ်နိုင်ပြီး ချန်ပီယံရှစ်ထံ အငှားချဖို့ စီစဉ်ထားတဲ့ နက်ဖီးလစ်တော့ လူစာရင်းထဲ ရှိနေပါသေးတယ်။

နည်းပြကလော့ပ်အတွက် ကွင်းလယ်လူသစ် ရဖို့ထက် ခံစစ်မှူးရဖို့က ပိုအရေးကြီးနေတယ်လို့ သုံးသပ်နေကြပေမယ့် အခုချိန်ထိတော့ ဘာသတင်းထူးမှ မကြားရသေးတာ ဖြစ်ပါတယ်။