

ဒီကနေ့ဟာ အပြောင်းအရွှေ့ နွေစျေးကွက်ရဲ့ နောက်ဆုံးရက်ဖြစ်ပြီး လီဗာပူးအသင်းဟာ အေးအေးဆေးဆေးနဲ့ စျေးကွက်ကို ပိတ်သိမ်းနိုင်သလို အတော်လေး လှုပ်ခတ်သွားမယ့် စျေးကွက်ပိတ်ရက်ကို ရင်ဆိုင်ရတာလဲ ဖြစ်လာနိုင်ပါတယ်။
လီဗာပူးအသင်းက ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို စတင် တွန်းအားပေးနေပြီဖြစ်ကာ ဂျာမာန်ကလပ်က ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းထက် ပိုလိုချင်နေပါတယ်။ ဂရာဗင်ဘက်ချ်ဟာ မနှစ်ကပဲ အေဂျက်ကနေ ဘိုင်ယန်ကို ပေါင် သန်း ၂၀ ဖြင့် ရောက်ရှိခဲ့သူပါ။
လီဗာပူးဘက်က ခံစစ်သမားသစ် ရဖို့လည်း ကြိုးစားနေပေမယ့် ဖြစ်လာဖို့ ခဲယဉ်းပြီး ဂရာဗင်ဘက်ချ် တစ်ဦးတည်း အဝင် ထပ်ရှိဖွယ် ရှိပါတယ်။ ဒါပေမယ့် အဓိက ပြဿနာက ဆာလာကို ဆော်ဒီကလပ်က ပေါင် သန်း ၁၂၀ ပေးဖို့ ပြင်ဆင်နေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
သတင်းထောက် Paul Joyce က The Times ကနေ ဖော်ပြရာမှာ “ မိုဆာလာရဲ့ အနာဂတ်အကြောင်း အမျိုးမျိုးသော ဖော်ပြမှုတွေ ထွက်ပေါ်လာနေပေမယ့် လီဗာပူးအသင်းဟာ သူ့အတွက် Al-Ittihad အသင်းထံက တရားဝင် ကမ်းလှမ်းမှု အခုထိ မရသေးပါဘူး။
ပြီးခဲ့တဲ့ အပတ်တွေမှာ ဆော်ဒီကလပ်ဟာ ဆာလာအတွက် ပေါင် သန်း ၁၂၀ ဖြင့် ကမ်းလှမ်းမယ့် အကြံပြုချက်တွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ပမာဏဖြင့် ကမ်းလှမ်းမှုဟာ အမှန်တကယ် ရောက်မလာသေးတာကြောင့် ဆာလာ ကိစ္စဟာ လီဗာပူးအသင်း လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာ မဟုတ်ပါဘူး။
လီဗာပူးဘက်ကတော့ အသက် ၃၁ နှစ်အရွယ် တိုက်စစ်သမားဟာ ရောင်းရန် မဟုတ်ဘူးလို့ တင်းခံနေဆဲဖြစ်တယ်။ ဒီအခြေအနေမှာ လီဗာပူးက ထွက်မယ့် တစ်ဦးတည်းသော စီနီယာ ကစားသမားက နက်ဖီးလစ်ပဲဖြစ်မယ် မျှော်လင့်ရပါတယ် ” လို့ ဖြစ်ပါတယ်။
လီဗာပူးသမိုင်းမှာ စျေးအကြီးဆုံး ရောင်းချမှုဖြစ်ခဲ့တဲ့ ပေါင် ၁၄၂ သန်းဖြင့် ကော်တင်ညိုကို ထွက်ခွင့်ပေးမှု ဖြစ်ပါတယ်။ အကယ်လို့ ဒီညမှာ ဆာလာအတွက် ဆော်ဒီဘက်က ပေါင် သန်း ၁၂၀ ဖြင့် တရားဝင် ကမ်းလှမ်းလာရင်တော့ ကလပ်သမိုင်း ဒုတိယ စျေးအကြီးဆုံး ချိတ်ဆက်ခံရမှု ဖြစ်လာမှာပါ။
ဆော်ဒီဘက်က ကမ်းလှမ်းမှု တင်မလား? လီဗာပူးဘက်ကကော ဆာလာကို ရအောင် တားဆီးမလား? လီဗာပူးပရိသတ်တွေဟာ စိတ်လှုပ်ရှားစရာ deadline နေ့ကို ရင်ခုန်စွာ ကျော်ဖြတ်ရဖွယ် ရှိနေဆဲ ဖြစ်ပါတယ်။