

ဒီနွေ အပြောင်းအရွှေ့ စျေးကွက်မှာ လီဗာပူးအသင်းဟာ ကွင်းလယ်လူသစ် ၃ ဦး ခေါ်ယူမယ်ဆိုတာကို ရာသီမစတင်လာကတည်း ကြိုတင် သတင်းထွက်နေခဲ့ပါတယ်။
မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ကို ခေါ်ယူပြီးနောက်မှာ လီဗာပူး သတင်းထောက်တွေက ကလပ်ဟာ လူငယ် ကွင်းလယ်လူ တစ်ဦးနဲ့ ဝါရင့် ကွင်းလယ်လူ တစ်ဦး ခေါ်ယူဖို့ အစီအစဉ် ရှိထားကြောင်း ထုတ်ဖော်လာခဲ့ကြတယ်။ အဲ့အချိန်ထိ လာဗီယာ၊ ဂရာဗင်ဘက်ချ်၊ ဗီဂါ၊ သူရမ်တို့ထဲက တစ်ဦး လီဗာပူးကို ရောက်လာမယ်လို့ ယုံကြည်ခံထားရပါတယ်။
ဒါပေမယ့်လို့ လာဗီယာအတွက် စာချုပ်ပါကြေး ပေါင် သန်း ၅၀ မပေးလိုသလို ဂရာဗင်ဘက်ချ်ကို ဘိုင်ယန်မြူးနစ်က ရောင်းထုတ်လိုခြင်း မရှိတာကြောင့် အသင်းရဲ့ ပလန်တွေဟာ အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒီကြားထဲမှာ ကိုင်ဆီဒို အပြောင်းအရွှေ့ ကိစ္စ ပေါ်ပေါက်လာခြင်းနဲ့အတူ ရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းမှာ လီဗာပူးအသင်းဟာ အသင်းလူစာရင်းမှာ လုံးဝ မရှိထားတဲ့ ကွင်းလယ်ခံစစ်သမား စစ်စစ်ဖြစ်တဲ့ အန်ဒိုကို ပေါင် ၁၆ သန်း ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ နောက်ထပ် ကွင်းလယ်လူအဖြစ် ဂရာဗင်ဘက်ချ်ကို ခေါ်ယူရေး ကိစ္စ ပြီးမြောက်မှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကွင်းလယ်အတွက် အဓိက ပစ်မှတ် ၃ ဦး ရှိခဲ့ကြောင်း Melissa Reddy က ဆိုပါတယ်။ သူတို့တွေက ဘယ်လင်ဟမ်၊ ချူအာမီနီနဲ့ ဂရာဗင်ဘက်ချ်တို့ ဖြစ်ပါတယ်။ အရှေ့က ကစားသမား နှစ်ဦးကတော့ လီဗာပူးကို ပြောင်းဖို့ ငြင်းဆန်ပြီး ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ခဲ့ကြပါတယ်။
ဂရာဗင်ဘက်ချ်ဟာ အေဂျက်နဲ့အတူ တောက်ပလာခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်မှာတော့ ပွဲကစားခွင့် ကန့်သတ်ခံခဲ့ရပါတယ်။ နည်းပြအပြောင်းအလဲတွေကြောင့် နေရာမရ ဖြစ်လာခဲ့ပြီး သူ့ကို ယုံယုံကြည်ကြည် ခေါ်ယူခဲ့တဲ့ အိုလီဗာခန်းတို့လို အကြီးအကဲတွေ ထွက်ခွာသွားကြတာကလည်း သူ့အတွက် ခက်ခဲခဲ့ပါတယ်။
ဒီနွေစျေးကွက်မှာ ပုံမှန်ပွဲကစားခွင့်ရဖို့ ဒါမှမဟုတ် အနာဂတ်မှာ ရေရှည်ပလန်အဖြစ် သုံးစွဲဖို့ ရည်ရွယ်တဲ့ အသင်းထံ ပြောင်းနိုင်ရေးက ဂရာဗင်ဘက်ချ်ရဲ့ ဦးစားပေး ဖြစ်ခဲ့ပါတယ်။ လီဗာပူးအသင်း သူ့ကို ကမ်းလှမ်းဖို့ ချိတ်ဆက်ချိန်မှာ ဒါဟာ ကစားသမားဘဝ တောက်ပဖို့ သိပ်ကောင်းတဲ့ အခွင့်အရေးအဖြစ် ဂရာဗင်ဘက်ချ်က မြင်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ သူ့ကစားသမားဘဝကို ကွင်းလယ် နံပါတ် ၈ သမားအဖြစ် စတင်ခဲ့ပေမယ့် လီဗာပူးနည်းပြအဖွဲ့ကတော့ သူ့ကို ခြားနားတဲ့ နေရာတွေမှာ အသားကျလာမယ့် ကွင်းလယ်လူအဖြစ် မြင်ပါတယ်။ အသင်းကတော့ သူ့ကို နံပါတ် ၆ နေရာ အဓိက ကစားပြီး ရှေ့နည်းနည်း ပိုတက်ခွင့်ပေးမယ့် နေရာမျိုး ပေးဖို့ ရည်ရွယ်ထားတယ်လို့ သိထားရတယ်။
ဂရာဗင်ဘက်ချ်ရဲ့ အကောင်းဆုံး အရည်အချင်းဟာ ဘောလုံးပိုင်ဆိုင်ချိန်မှာ ဘောလုံးသယ်ယူပေးနိုင်ခြင်းလို့လည်း ကလပ်ဘက်က သိထားပါတယ်။
လက်ရှိ လီဗာပူးကွင်းလယ်မှာ မာကာ၊ ဆိုဘို၊ ဂရာဗင်ဘက်ချ်၊ အယ်လီးယော့၊ ဂျုံး၊ ဘာ့ဆီတစ်တို့လို လူငယ်ကစားသမားတွေ ရှိနေပါတယ်။ အန်ဒိုဟာ နောက်ထပ် ၄ နှစ်ထိ လီဗာပူးနဲ့ စာချုပ်ရှိထားပြီး သီယာဂိုကတော့ ဒီရာသီကုန်ထိ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
လီဗာပူးကွင်းလယ်ဟာ အသင်းဖော်တွေနဲ့ ကစားကွက်သစ်အကြား အသားကျလာဖို့ အချိန်တစ်ခု ယူရနိုင်ပေမယ့် ဟန်ဒါဆန်၊ မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာတို့ ထွက်ခွာသွားတဲ့ ကွင်းလယ်အတွက် လူစာရင်း ပြန်လည်တည်ဆောက်မှုဟာ အကောင်းမြင်စရာ အခြေအနေမျိုး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။