လီဗာပူးက ဘယ်လင်ဟမ်ကို မကမ်းလှမ်းတာလား? ဘယ်လင်ဟမ်က လီဗာပူးကို ငြင်းတာလား?

အသင်းပရိသတ်အချို့က ဘယ်လင်ဟမ် ကိစ္စ အငြင်းပွားနေကြတာ မြင်ရလို့ ဒီအပြောင်းအရွှေ့ ဘာကြောင့် မဖြစ်ခဲ့သလဲ ဆိုတဲ့အပေါ် ကျွမ်းကျင်သူတွေရဲ့ ဖော်ထုတ်မှုကို မျှဝေလိုပါတယ်။

လီဗာပူးပရိသတ်တွေထဲမှာ တချို့က အသင်းဟာ ဘယ်လင်ဟမ်ကို မကမ်းလှမ်းခဲ့ဘဲ သူ့အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေး မတတ်နိုင်တာမို့ နောက်ဆုတ်ခဲ့တယ်လို့ ဆိုပါတယ်။ တချို့ကတော့ ဘယ်လင်ဟမ် ကိုယ်တိုင်က လီဗာပူးကို ငြင်းတယ်လို့ မြင်ပါတယ်။ ကျနော်တို့ကတော့ နှစ်ခုလုံးဟာ သတင်းမှန်ဖြစ်တယ်လို့ပဲ ပြောရပါလိမ့်မယ်။

လီဗာပူးတို့ ဘာကြောင့် ဘယ်လင်ဟမ်ကို မရခဲ့သလဲ အတွက် ဂျာမန်ဘောလုံး ကျွမ်းကျင်သူတွေက အဖြေပေးရာမှာ လီဗာပူးအသင်း ကွင်းလယ် ပြန်တည်ဆောက်မှုဟာ တစ်ဦးတည်းဖြင့် မဖြစ်နိုင်တာမို့ ဘယ်လင်ဟမ်အတွက် ပေါင် သန်း ၁၀၀ လောက်သုံးမယ့်အစား အခြားသော ပစ်မှတ်များကို ခေါ်ယူလိုတာကြောင့်လို့ ဆိုပါတယ်။

ဒါဟာ ဖြစ်နိုင်ချေရှိတဲ့ အဖြေတစ်ခုဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၈၈ သန်းဖြင့်ရပေမယ့် ထပ်တိုးကြေးတွေအရ ဆိုရင် ပေါင် ၁၁၅ သန်းထိ ရောက်သွားပါတယ်။ လီဗာပူးရဲ့ ဒီနွေ အသုံးစရိတ်ဟာ အသာတင်အားဖြင့် ပေါင် သန်း ၁၀၀ ကျော်ပဲ ရှိပါတယ်။

နောက်ထပ် ဖော်ပြချက် တစ်ခုကတော့ ဧပရယ်လ လီဗာပူးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် မအောင်မြင်ဖို့ များနေတဲ့ အချိန်အတွင်းမှာပဲ ဘယ်လင်ဟမ်ရဲ့ အေးဂျင့်တွေဟာ ကစားသမားရဲ့ အနာဂတ်အသင်းအဖြစ် ရီးရဲလ်ကို ရွေးချယ်မယ်လို့ အသင်းကို အကြောင်းကြားခဲ့ပါတယ်။

ဒါကြောင့် လီဗာပူးဘက်က ဧပရယ်လမှာပဲ ဘယ်လင်ဟမ်ကို ခေါ်ယူရေး နောက်ဆုတ်ခဲ့တာလို့ ဆိုပါတယ်။ အဲ့နောက်ပိုင်း မန်စီးတီးကလည်း ဘယ်လင်ဟမ်ကို ကြိုးစားကြည့်ပေမယ့် ကစားသမားက ရီးရဲလ်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

ရီးရဲလ်ကစားသမားဘဝ အင်တာဗျူးမှာ ဘယ်လင်ဟမ်က ‘ ရီးရဲလ်ကို ပြောင်းလာတာ ငွေကြောင့် မဟုတ်ပါဘူး။ ကျနော်က ဘောလုံးကို နှစ်နှစ်ကာကာ မြတ်နိုးပြီး ကစားလိုတာပါ၊ ငွေကြေးဆိုတာ ရှေ့ဆုံးက မဟုတ်ခဲ့ပါဘူး။

အခြားအသင်းတွေ မကောင်းလို့၊ သူတို့ ရလဒ်ဆိုးလို့ မရွေးခဲ့တာလည်း မဟုတ်ပါဘူး။ ကျနော်အတွက် ရီးရဲလ်မက်ဒရစ်က အကောင်းဆုံး ဖြစ်နေလို့ ဒီအသင်းကို ရွေးချယ်ခဲ့တာပါ။ ဘယ်အချိန်မှာ မက်ဒရစ်ကို ရွေးချယ်ခဲ့တယ် ဆိုတာကို ပြောပြဖို့ကတော့ ခက်ပါတယ်။

ကျနော်က ရီးရဲလ်မက်ဒရစ်ကို အမြဲတမ်း အထင်ကြီးတာမို့ အသင်းရဲ့ပွဲတွေကို ကြည့်ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ရီးရဲလ်က လီဗာပူးကို အနိုင်ယူခဲ့ချိန် (၂၀၂၂ ဖိုင်နယ်) ကွင်းထဲမှာ ကျနော် ရှိနေပါတယ်။ အဲ့ပွဲကပဲ ရီးရဲလ်ကို ပြောင်းမယ် ဆုံးဖြတ်ဖို့ အဓိက ဖြစ်လာခဲ့တာပါ ’ လို့ ဖြေပါတယ်။

ဒါကြောင့် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်ကတော့ လီဗာပူးဟာ ကွင်းလယ် ပြန်တည်ဆောက်ဖို့ လိုတာကြောင့် ဘယ်လင်ဟမ်ကို ခေါ်ယူရေး နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားရဲ့ ပြောဆိုမှုကတော့ သူဟာ စကတည်းက ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင် အသေးစိတ် လေ့လာလိုရင်တော့ စကိုင်းစပေါ့၊ တယ်လီဂရပ်နဲ့ the athletic သတင်းဌာနတွေမှာ လီဗာပူးအသင်း ဘာကြောင့် ဘယ်လင်ဟမ်ကို မခေါ်ယူခဲ့သလဲ? မရခဲ့သလဲ? ဆိုတဲ့ ဖော်ပြချက်တွေကို ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။