

အက်စတွန်ဗီလာပွဲကြို ကလော့ပ်ရဲ့ မီဒီယာတွေ့ဆုံမှုမှ ပြောဆိုမှု အကျဉ်းချုပ် ဖြစ်ပါတယ်။
ဂရာဗင်ဘက်ချ် ကိစ္စ
ဒီအကြောင်း ပြောလို့ မရသေးပါဘူး။ ဒီနေ့က သောကြာနေ့ ဟုတ်တယ် မဟုတ်လား။ အခုချိန်ထိ တရားဝင် ကိစ္စတွေ တကယ် ဖြစ်မလာသေးပါဘူး။ တစ်ခုခုထူးခြားရင် တနင်္ဂနွေနေ့မှပဲ ဒီအကြောင်း ပြောကြတာပေါ့။
လူသစ် ထပ်ခေါ်ဦးမလား
ဒီနေ့က အပြောင်းအရွှေ့ နောက်ဆုံးရက်ဖြစ်ပါတယ်။ အားလုံးရဲ့ မျှော်လင့်ချက်ကို အဆုံးသတ်ပေးလိုက်တာမျိုး မလုပ်ချင်ပါဘူး။ ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်သေးပါဘူး။
အီဘူး အခြေအနေ
ဒီအပတ်ပွဲကို အီဘူး ပါနိုင်မှာ မဟုတ်ပါဘူး။ ဒီအပတ် ဗီလာပွဲအတွက်ပဲ ခံစစ်မှူး တစ်ယောက် ခေါ်နိုင်မယ်ဆိုရင် စဉ်းစားမှာပါ။
ဆာလာနဲ့ ဆော်ဒီကိစ္စ
အခြေအနေက အရင်အတိုင်းပါပဲ။ ထူးထူးခြားခြား ပြောစရာ မရှိပါဘူး။ ကျနော်ကတော့ ထွေထွေထူးထူး မကြားထားပါဘူး။
ဒီနွေအပြောင်းအရွှေ့နဲ့ ပတ်သက်လို့
လူစာရင်း ပြန်တည်ဆောက်ဖို့ လိုခဲ့ပါတယ်။ ကွင်းလယ်ကတော့ လုံးဝ အသစ် ဖြစ်လာမှာပါ။ အတည်ငြိမ်ဆုံးက ခံစစ်လိုင်းဖြစ်ပါမယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဒဏ်ရာနဲ့ ပွဲပယ်ကိစ္စတွေ ရှိနေပါတယ်။ အပြောင်းအရွှေ့တွေကို အကောင်းဆုံး လုပ်နိုင်ခဲ့တယ် ထင်ပါတယ်။
ဂျုံး သက်သာပြီး သီယာဂို ဒဏ်ရာရဆဲ
သီယာဂို ဒဏ်ရာက နည်းနည်း ပြန်ပေါ်လာပါတယ်။ ဒီတော့ အခြေအနေ တိုးတက်ဖို့ နှေးကွေးသွားပါတယ်။ အဲ့တာက သိပ်တော့ မကောင်းပါဘူး။ နိုင်ငံတကာ သီတင်းပတ်ကို သီယာဂို အမြန် ပြန်သက်သာလာဖို့ အသုံးချရမှာပါ။ ကျန်တဲ့ ကစားသမားတွေကတော့ သက်သာလာပါတယ်။
ဒါဝင်နဲ့ ပတ်သက်လို့
အရင်အပတ်ကပွဲကြောင့် အများကြီး ယုံကြည်မှု ရှိလာတာ ရှင်းပါတယ်။ အဲ့လိုပဲ ဖြစ်လာသင့်တာပါ။ အားလုံးကလည်း နယူးကာဆယ်ပွဲဟာ သက်ရောက်မှု ကြီးမားခဲ့ကြောင်း ခံစားမိနေတယ်။ ကျနော်တို့ဘက်မှာ မရှိတဲ့ ပွဲဖြစ်ခဲ့ပေမယ့် ကောင်လေးတွေ တိုက်ခိုက်ပေးခဲ့တာက အထင်ကြီးစရာပါပဲ။