လီဗာပူးအသင်းဟာ ဆော်ဒီပရိုလိဂ်ကလပ် Al Ittihad အသင်းထံက ဆာလာအတွက် နှုတ်အားဖြင့် ကမ်းလှမ်းမှု ရခဲ့ပေမယ့် ပယ်ချလိုက်ပြီ ဖြစ်ပါတယ်။
ဆော်ဒီကလပ်ဟာ ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ အပြင် ထပ်တိုးကြေး ပေါင် သန်း ၅၀ ထိပေးမယ့် ကမ်းလှမ်းမှု စတင်လိုက်တာပါ။ ဒါဟာ ဗြိတိန် ဘောလုံးသမိုင်းမှာ စျေးအကြီးဆုံး အပြောင်းအရွှေ့ ဖြစ်လောက်တဲ့ စံချိန်တင် ကမ်းလှမ်းမှု ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ စျေးအကြီးဆုံး အရောင်းအဝယ်ဟာ ၂၀၁၈ မှာ လီဗာပူးကနေ ဘာစီလိုနာကို ကော်တင်ညို ပြောင်းရွှေ့မှုဖြစ်ပြီး ပေါင် ၁၄၂ သန်း တန်ကြေးရှိခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီဘက်က လီဗာပူး ဒါရိုက်တာ မိုက်ဂေါ်ဒန်ကို ဖုန်းခေါ်ဆိုပြီး ကမ်းလှမ်းမှု တင်ခဲ့ပေမယ့် ချက်ခြင်း ပယ်ချမှုဖြစ်ပေါ်ခဲ့ပါတယ်။ လီဗာပူးဘက်ကတော့ အသက် ၃၁ နှစ်အရွယ် တိုက်စစ်သမားဟာ ရောင်းရန် မဟုတ်ကြောင်း ယတိပြတ် တုန့်ပြန်ထားပါတယ်။
မနှစ်ကနွေမှာ လီဗာပူးအသင်းရဲ့ လုပ်ခ အများဆုံး ကစားသမားအဖြစ် ၃ နှစ် သက်တမ်းတိုးထားတဲ့ ဆာလာကို ဆော်ဒီလိဂ်က တစ်ပတ် ပေါင် ၁ သန်းခွဲ ပေးဖို့လည်း အဆင်သင့် ပြင်ဆင်ထားခဲ့ပါတယ်။
မနှစ်ကရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၀ သွင်းခဲ့တဲ့ ဆာလာဟာ ကလပ်ရဲ့ ခေါင်းဆောင်အဖွဲ့ထံ ရာထူးတိုးခံထားရသူ ဖြစ်ပါတယ်။ အသင်းနဲ့ ၂ နှစ်စာချုပ် ရှိနေသေးတဲ့ ဆာလာကတော့ လီဗာပူးမှာပဲ ဆက်နေလိုစိတ်ရှိတယ်လို့ သိထားရပါတယ်။
ပရီးမီးယားလိဂ် စျေးကွက်ဟာ ဒီညမှာ ပိတ်သိမ်းမှာဖြစ်ပေမယ့် ဆော်ဒီလိဂ်က စက်တင်ဘာလ ၂၀ ရက်နေ့ထိ ဖွင့်ထားဆဲ ဖြစ်တာမို့ ဆာလာကို ဆက်ထိန်းရေး လီဗာပူးအသင်း ရုန်းကန်ရမှုတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။