ပရိသတ်တွေကို မိတ်ဆက်တဲ့ ဂရာဗင်ဘက်ချ်၊ အငှားထွက်သွားတဲ့ မော်တန်၊ ဆာလာအတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ရောက်မလာခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဆော်ဒီကလပ် Al-Ittihad ဟာ ဆာလာအတွက် ပေါင် သန်း ၁၅၀ ထိ ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးဘက်က ပယ်ချခဲ့ပါတယ်။ မနက်က စျေးကွက် မပိတ်ခင်ထိ ဒုတိယမြောက် ကမ်းလှမ်းမှု ထပ်ပေးခဲ့ခြင်း မရှိပါဘူး။

ဘိုင်ယန်မြူးနစ်ဟာ ပါလင်ညာကို ခေါ်ယူရေး မအောင်မြင်ခဲ့ပေမယ့် ဂရာဗင်ဘက်ချ်ကိုတော့ လီဗာပူးအသင်းထံ အသင်းပြောင်းခွင့်ပြုခဲ့ပါတယ်။

ဂရာဗင်ဘက်ချ်က “ ကျနော်ဟာ ကောင်းမွန်တဲ့ ဘောလုံး သယ်ဆောင်သူတစ်ဦး၊ နည်းစနစ်ကောင်းသူတစ်ဦး၊ box to box သမားနဲ့ ကန်ချက်ကောင်းသူဖြစ်တယ်။ လီဗာပူးမှာ အံဝင်မှာ ၁၀၀% သေချာပါတယ် ” လို့ မိတ်ဆက်စကား ဆိုပါတယ်။

နယ်သာလန် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ဟာ လီဗာပူးအသင်းမှာ ကျောနံပါတ် ၃၈ ကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။

ဘယ်ဂျီယံကလပ် စိန့်အသင်းသားတွေဟာ ယူရိုပါလိဂ်မှာ လီဗာပူးနဲ့အတွဲကျခြင်းကို ပျော်ရွှင်နေကြပါတယ်။ ၎င်းတို့ အသင်းဖော် ခံစစ်မှူး ကယ်ဗင်နဲ့ လီဗာပူးမှ မာကာတို့ဟာ ညီအကို အရင်းတွေဖြစ်ကြပါတယ်။

ခံစစ်မှူး ကယ်ဗင်က ‘မကြာခင် တွေ့ကြတာပေါ့’ ဆိုပြီး ညီဖြစ်တဲ့ လီဗာပူးကွင်းလယ်လူ မာကာကို နှုတ်ဆက်လိုက်ပါတယ်။

ဗန်ဒိုက်က အသင်းရဲ့ ပွဲစဉ်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကူညီပေးနိုင်မှာ မဟုတ်ခြင်းကို စိတ်မကောင်းဖြစ်ပေမယ့် ဒီအပတ် အန်ဖီးကွင်းမှာ ပရိသတ်အဖြစ် အသင်းဖော်တွေကို အားပေးနေမှာပါလို့ ထုတ်ပြောလာပါတယ်။

ဘယ်ဂျီယံ သတင်းထောက် Sacha Tavolieri က ကွင်းလယ်လူ လာဗီယာဟာ လီဗာပူးကို ဦးစားပေးအဖြစ် ရွေးချယ်လိုခဲ့ပေမယ့် အေးဂျင့်ဖြစ်သူက လုပ်ခနဲ့ စာချုပ်ပိုင်း ပိုကောင်းတဲ့ ချယ်ဆီးကို ရွေးဖို့ စည်းရုံးသွားခဲ့တာလို့ ဆိုပါတယ်။

ကွင်းလယ်လူ သီယေဂိုဟာ လေ့ကျင့်ရေး ပြန်ဝင်ချိန်မှာ ဒဏ်ရာပြန်ရခဲ့တာမို့ နိုင်ငံတကာ သီတင်းပတ် အပြီးမှ ဘောလုံးပြန်ကစားနိုင်ဖွယ် ရှိပါတယ်။

ကွင်းလယ်လူ တေလာ မော်တန်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ချန်ပီယံရှစ်ကလပ် ဟူးစီးတီးအသင်းထံ တစ်ရာသီ အငှားဖြင့် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒီနွေစျေးကွက်မှာ လီဗာပူးအသင်းဟာ ခံစစ်မှူးသစ် မခေါ်ယူဘဲ ပိတ်သိမ်းခဲ့ပါပြီ။ ဒါကြောင့် ခံစစ်မှူးသစ် ရရှိရေးဟာ နောက်စျေးကွက်တွေအတွက် ဇာတ်လမ်းတစ်ခု ဖြစ်လာပါမယ်။