ဆာလာ၊ ဆော်ဒီနဲ့ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ နောက်ဆုံးရ အခြေအနေ

မနေ့က အင်္ဂလန်စျေးကွက် နောက်ဆုံးရက်မှာ Al-Ittihad အသင်းရဲ့ ဆာလာအတွက် ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းမှုကို လီဗာပူးဘက်က ပယ်ချခဲ့ပေမယ့်လို့ ဆော်ဒီကလပ်ဟာ ပေါင် သန်း ၂၀၀ ဖြင့် ထပ်လာဖွယ် ရှိနေကြောင်း The Telegraph က ဒီမနက်မှာ ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် စျေးကွက်ပိတ်ခါနီး နာရီပိုင်းအလို (၆ နာရီဝန်းကျင်) မှာ ဆော်ဒီဘက်က ကနဦး ပေါင် သန်း ၁၀၀ အပြင် ထပ်တိုးကြေး ပေါင် သန်း ၅၀ ဖြင့် ကမ်းလှမ်းမှုကို လီဗာပူးဘက်က ပယ်ချခဲ့တာပါ။

လီဗာပူးဘက်က နောက်ကွယ်မှာကော လူသိရှင်ကြား အနေအထားမှာပါ ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုကို လက်မခံကြောင်းနဲ့ ဒီနွေစျေးကွက်မှာ ဆာလာကို ရောင်းမည် မဟုတ်ကြောင်းကို အသင်းဥက္ကဌ မိုက်ကယ် ဂေါ်ဒန်က တစ်ဆင့် အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီနွေတောက်လျှောက်မှာ ဆာလာအတွက် ချိတ်ဆက်ခံရတိုင်း လီဗာပူးရဲ့ အဖြေက ရောင်းရန် မဟုတ်ဘူးလို့ ဖြစ်ခဲ့ပါတယ်။ ဒီနွေမှာ လီဗာပူးအသင်းဟာ ဘဏ်ထဲမှာ ပိုက်ဆံရှိနေဖို့ထက် လူစာရင်းကို အင်အားဖြည့်ဖို့ လိုအပ်ခဲ့တာပါ။ ဒါပေမယ့်လို့ ဆော်ဒီဘက်က စျေးကွက် အစောပိုင်းမှာ ကမ်းလှမ်းမှု မလုပ်ဘဲ စျေးကွက် ပိတ်ခါနီးမှ ဝင်ရောက် ချိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ကလပ်ဘက်က မန်နေဂျာ ကလော့ပ်ရဲ့ သဘောထား မပါဝင်ဘဲ မည်သည့် ကစားသမားကိုမှ အတင်းအကျပ် ရောင်းထုတ်သွားမှာ မဟုတ်ပါဘူး။ ကလော့ပ်ကတော့ ပြီးခဲ့တဲ့ တစ်ပတ်တည်းက ဆာလာကိစ္စဟာ ပိတ်ထားပြီးပြီလို့ ဆက်တိုက် တုန့်ပြန်ခဲ့ပါတယ်။

မနေ့က ဆာလာအတွက် ရခဲ့တဲ့ ပြောင်းရွှေ့ကြေးဟာ ၂၀၁၈ မှာ ကော်တင်ညိုကို ရောင်းထုတ်စဥ် ရခဲ့တဲ့ ပေါင် ၁၄၂ သန်းကို ကျော်ဖြတ်သွားတာပါ။ အဆိုပါ ပမာဏဟာ လီဗာပူးအတွက်တင် မဟုတ်ဘဲ အင်္ဂလန်ဘောလုံး သမိုင်းမှာပါ စျေးအကြီးဆုံး အရောင်းအဝယ် ကိစ္စ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ ဆာလာတွက် ဆော်ဒီဘက်ကတော့ ၂၀၁၇ မှာ နေမာကို ဘာစီလိုနာကနေ ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း သုံးခဲ့တဲ့ ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၁၉၈ သန်းကို ကျော်မယ့် ပမာဏမျိုး ပေးဖို့ ပြင်ဆင်နေဆဲပါ။

စက်တင်ဘာလ အကုန်ပိုင်း ဆော်ဒီစျေးကွက် ပိတ်ခါနီးချိန်ထိ Al-Ittihad အသင်းထံက ပေါင် သန်း ၂၀၀ တန်ကြေးရှိတဲ့ ချိတ်ဆက်မှု ဝင်လာနိုင်ဆဲ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အဆိုပါ ပြောင်းရွှေ့ကြေးကို ရရင်တောင် ပြန်လည် အစားထိုးဖို့က ၂၀၂၄ ဇန်နဝါရီထိ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

ဆာလာနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေဟာ ဆော်ဒီရဲ့ ကမ်းလှမ်းမှုတွေ ဝင်လာချိန်မှာ တိတ်ဆိတ်နေဆဲဖြစ်ပြီး တုန့်ပြန်မှု မလုပ်လာခဲ့ပါဘူး။ အစောပိုင်းမှာတော့ ဆာလာရဲ့ အေးဂျင့် Ramy Abbas က တိုက်စစ်သမားဟာ လီဗာပူးအတွက်ပဲ စိတ်နှစ်ထားတယ်လို့ ဖော်ပြခဲ့ပါသေးတယ်။

ဆာလာဟာ လီဗာပူးမှာ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိထားတာဖြစ်တယ်။ Al-Ittihad ထံက နောက်ထပ်တစ်ကြိမ် ကြိုးစားမှုဟာ ဒီလထဲ ရှိလာဦးမယ်လို့ သိထားရတာ ဖြစ်ပါတယ်။