NEWS: ဒီကနေ့မှာ ဂရာဗင်ဘက်ချ် လေ့ကျင့်ရေးဝင်မည်၊ တနင်္ဂနွေနေ့ အက်စတွန်ဗီလာပွဲ ပါနိုင်မည် မဟုတ်

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လီဗာပူးအသင်း လက်မှတ်ထိုး ခေါ်ယူခဲ့တဲ့ ဂရာဗင်ဘက်ချ်ဟာ ဒီကနေ့မှာ အသင်းနဲ့အတူ ပထမဆုံးအကြိမ် လေ့ကျင့်ရေး ဝင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ သူ့ကို သောကြာနေ့တုန်းက မှတ်ပုံတင်ဖို့ရာ အချိန်မရခဲ့တာကြောင့် ဒီအပတ် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် အက်စတွန်ဗီလာပွဲမှာ ပွဲထွက်နိုင်မှာ မဟုတ်ပါဘူး။ ဂရာဗင်ဘက်ချ်ဟာ လက်ရွေးစင် အသင်းဖော်ဖြစ်တဲ့ ဗန်ဒိုက်နဲ့အတူ အန်ဖီးကွင်းပွဲကို တက်ရောက် ကြည့်ရှုမှုတော့ ပြုလုပ်ပါမယ်။

ဗန်ဒိုက်ဟာလည်း နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲတုန်းက ရခဲ့တဲ့ အနီကဒ်ကြောင့် တစ်ပွဲပယ်ခံထားရပြီး ဗီလာပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဂရာဗင်ဘက်ချ်ဟာ သူ့ရဲ့ လီဗာပူး ကစားသမားဘဝ ပွဲဦးထွက်ကိုတော့ နိုင်ငံတကာ သီတင်းပတ်အပြီး ဝုဗ်နဲ့ ပွဲစဉ်မှာ ပြုလုပ်ပေးနိုင်ပါမယ်။ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ အပြောင်းအလဲတွေကို ပိုမို အချိန်ယူဖို့ရာ အခိုက်အတန့်ကောင်း ရသွားမယ်လို့ပဲ ဆိုရမှာပါ။

လီဗာပူးထံ ပြောင်းလာရခြင်းကို ဂရာဗင်ဘက်ချ်က ” ကျနော် သိပ်ပျော်ပါတယ်၊ နောက်ဆုံးတော့ လီဗာပူးကို ရောက်လာပါပြီ။ အပြင်လူ တစ်ယောက်အနေနဲ့ ကြည့်ရင် လီဗာပူးက ကမ္ဘာ့အကောင်းဆုံး ကလပ်တွေထဲက တစ်သင်းဖြစ်ပါတယ်။

ပရိသတ်တွေ၊ အန်ဖီးကွင်းနဲ့ အားလုံးက တကယ့်ထိပ်တန်းပါပဲ၊ ဒါကြောင့်ပဲ လီဗာပူးက ကျနော်အတွက် မှန်ကန်တဲ့ ကလပ်လို့ မြင်တာပါ။ ကျနော်ရဲ့ ရည်မှန်းချက်ကတော့ ဆုဖလားတွေ အောင်မြင်ဖို့ပါ၊ အဲ့အတွက် အသင်းကို အစွမ်းကုန် ပေးဆပ်ကူညီပါမယ် ” လို့ ထုတ်ပြောသွားပါတယ်။