

ဆိုဘိုစတား
လီဗာပူးကစားသမားဘဝ အကောင်းဆုံး စတင်မှုကို ရနေတဲ့ ဆိုဘိုဟာ ဒီပွဲမှာတော့ မှတ်ကျောက်တင်ခံခဲ့ရပါပြီ။ သူရဲ့ လီဗာပူး ကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို စတင် ရရှိသွားပြီဖြစ်ပါတယ်။ လှုပ်အားနှုန်း၊ မဆုတ်မနစ် ကစားနိုင်စွမ်းကြောင့် အထင်ကြီးခံနေရတဲ့ ဆိုဘိုဟာ ဒီရာသီ ကွင်းလယ်ကနေ ဂိုးသွင်းပေးနိုင်ကြောင်း ပြသခဲ့ပါတယ်။
ကလော့ပ်က တောကောင်ကြီးအဖြစ် ကင်ပွန်းတပ်ခံရတဲ့ ဆိုဘိုဟာ အသင်းပရိသတ်တွေ မျှော်လင့်နေတဲ့ နံပါတ် ၈ သမားဖြစ်လာခဲ့တယ်။ မနှစ်ကရာသီ ကပ်ဘေးဆိုက်ခဲ့တဲ့ ကွင်းလယ်ကို သူနဲ့ အစားထိုးနိုင်ခဲ့တာဟာ တကယ်ကို ဆုလာဘ်ပဲဖြစ်ပါတယ်။
ဆာလာရဲ့ စိတ်ဆန္ဒကို ငွေကြေးဖြင့် ရပ်တန့်မရ
ဆော်ဒီကလပ် Al-Ittihad အသင်းဟာ ဆာလာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူပြီး ကမ္ဘာ့စံချိန်တင် လုပ်ခ ပေးမယ့် ကမ်းလှမ်းမှုကို ဒီလထဲ ပြုလုပ်မယ်လို့ သိထားရပါတယ်။ ဒါပေမယ့်လို့ ငွေကြေးဟာ ဆာလာရဲ့ နိုင်လိုစိတ်ကို မရပ်တန့်နိုင်ပါဘူး။
အန်ဖီးကွင်းမှာ လီဗာပူးတိုက်စစ်ကို ဆာလာ ဦးဆောင်ခဲ့တဲ့ ပုံစံက များပြားလှတဲ့ ငွေကြေးကြောင့် အတွေးများနေတဲ့ ကစားသမားတစ်ယောက် ဖြစ်နေဖို့ထက် သွင်းဂိုး ဆာလောင်နေဆဲ သားရိုင်းတစ်ကောင် ပိုဆန်ခဲ့ပါတယ်။ သူ လီဗာပူးမှာ ဆက်ရှိနေပြီး ဆုဖလားတွေအတွက် တိုက်ပွဲဝင်ဦးမှာ သေချာပါတယ်။
ကပ္ပတိန် ထရန့်နဲ့ သူ့အပေါင်းအပါများ
လီဗာပူးအသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကနေ ပထမဆုံး တာဝန်ယူမှုမှာ ထရန့်ထံက အကောင်းမြင်စရာ ခြေစွမ်းတွေ မြင်ခဲ့ရပါတယ်။ အဝေးဘောအပြင် အတိုပေးတွေဖြင့် လိုင်းတွေကို ကျော်ဖြတ် ပေးရာမှာ အဆုံးသတ် ဧရိယာထဲကို ပို့နိုင်မှု ၁၆ ကြိမ်ထိ ရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ သူ ဒဏ်ရာရသွားခဲ့တယ်။
ထရန့် ဒဏ်ရာကြောင့် ထွက်သွားပြီးချိန်မှာ မာတစ် ဦးဆောင်တဲ့ ခံစစ်တန်းဟာ ဘာအမှားမှ အဖြစ် မခံတော့ဘဲ ခံစစ်မှာ ဘောလုံးပေးရင်း ပွဲရှိန်ကို ထိန်းထားခဲ့ပါတယ်။ တိုက်စစ်အတွက် သွင်းဂိုး ထပ်မလိုတော့ချိန် ခံစစ်ကြောင်းဟာ ကွင်းလယ်ထိတောင် ဘောလုံး မပို့တော့ဘဲ မလိုအပ်တဲ့ စွန့်စားမှုတွေ ရှောင်ပြီး ပွဲထိန်းပေးသွားခဲ့တာပါ။
အကောင်းဆုံး ပုံစံ မရှိသေး
အသင်းဟာ ပွဲဦးထွက် ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲ သရေကျပေမယ့် တကယ်တမ်း ကစားနိုင်တာရဲ့ ၆၀% လောက်ပဲ ကစားနိုင်သေးတယ်လို့ ခန့်မှန်းရပါတယ်။ ဘောလုံးကို မြန်မြန်ပေးနိုင်စွမ်း၊ တိုက်စစ်ပိုင်း ချိတ်ဆက်ကစားနိုင်စွမ်းနဲ့ ကစားသမားတွေကြား နားလည်နိုင်မှုတွေမှာ လိုအပ်ချက်တွေ ရှိပါတယ်။
ထရန့်နဲ့ မာကာတို့ တိုက်စစ်သမားတွေရဲ့ ဘောလုံး လမ်းကြောင်း တွက်ဆရမှာ လိုအပ်ချက်ရှိပြီး အရှိန်များနေတာက အသားကျဖို့ အချိန်တစ်ခု ယူရဦးမယ်ဆိုတာ မြင်သာစေပါတယ်။ ဒီယက်စ်နဲ့ ရိုဘိုတို့ ဘယ်ခြမ်းမှာ ချိတ်ဆက်မှု မကြာခဏ မှားယွင်းခြင်းဟာ စနစ်သစ်မှာ သူတို့ အသားကျလာဖို့ လိုသေးခြင်းရဲ့ သက်သေဖြစ်ပါတယ်။
ရာသီသစ်အတွက် အကောင်းမြင်နိုင်စရာ
အခုဆိုရင် နိုင်ငံတကာ သီတင်းပတ် ဝင်ရောက်လာခဲ့ပါပြီ။ ကစားသမားတွေဟာ ပွဲနေ့ ကြံ့ခိုင်မှုပိုင်း ပိုကောင်းလာနေဖို့လိုပြီး နိုင်ငံတကာပွဲတွေပြီးရင် ၃ ရက် တစ်ပွဲနှုန်းလောက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ အသင်းဟာ ပရီးမီးယားလိဂ် တာထွက် ကောင်းမွန်ထားပြီး ဒီအရှိန်ကို ဆက်ထိန်းကာ အမြင့်ဆုံး နေရာတွေကို စိန်ခေါ်နိုင်ဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။