ထရန့်ကို အမြဲတမ်း ဝေဖန်နေကျ သုံးသပ်သူက ညာအစွန်လူရဲ့ ဗီလာပွဲ စွမ်းဆောင်ရည်ကြောင့် လက်ခုပ်ပါ တီးမိတယ်လို့ ချီးကျူး

၈၀ ခုနှစ်တွေက အောင်မြင်တဲ့ လီဗာပူးအသင်းမှာ ခံစစ်နဲ့ ကွင်းလယ်လူအဖြစ် ကစားခဲ့တဲ့ စတိဗ် နီကိုးက တနင်္ဂနွေနေ့ကပွဲမှာ ထရန့်ရဲ့ ထူးချွန်တဲ့ ပေးပို့ချက်ကို နှစ်သက် ကျေနပ်နေပါတယ်။

လီဗာပူးရဲ့ ကွင်းလယ်ကနေ ပေးပို့မှုတွေကို တာဝန်ယူခဲ့တဲ့ ထရန့်ဟာ ဆိုဘိုစလိုင်ရဲ့ အဖွင့်ဂိုးအတွက် ထောင့်ကန်ဘော ကန်တင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒုတိယဂိုးအဖြစ် ဗီလာတို့ ကိုယ့်ဂိုးကို ပြန်သွင်းခဲ့မှုမှာ ဆာလာကို သိပ်ကောင်းတဲ့ ပေးချက် လုပ်ပေးခဲ့သူက ထရန့် ဖြစ်ပါတယ်။

အဆိုပါပွဲအတွင်း ထရန့်ဟာ အရေးပါတဲ့ ပေးချက် ၅ ကြိမ် ပြုလုပ်ခဲ့သလို တိကျတဲ့ အဝေးဘောတွေ၊ ခံစစ်အတွက် အထောက်အကူဖြစ်တဲ့ ဘောလုံး ဆယ်ယူမှုတွေ လုပ်ပြခဲ့ပါတယ်။

“ ကျနော်က ထရန့်ရဲ့ ခံစစ်ပိုင်း အားနည်းချက်တွေကို အမြဲတမ်း ထောက်ပြနေသူ တစ်ဦးပါ။ အက်စတွန်ဗီလာပွဲမှာတော့ သူ့ရဲ့ ပေးပို့ချက် ၃ ကြိမ်လောက်ကို ကြည့်ပြီး ကျနော် လက်ခုတ်ပါတီးခဲ့မိပါတယ် ” လို့ ESPN ကနေ စတိဗ်နီကိုးက မှတ်ချက်ပေးခဲ့ပါတယ်။

ထရန့်ရဲ့ ဘောလုံးကိုင်နိုင်စွမ်းဟာ သံသယရှိစရာ မလိုပေမယ့်လို့ နယူးကာဆယ်ပွဲမှာ ဂေါ်ဒန် အဖွင့်ဂိုး သွင်းယူစဉ် မှားခဲ့တဲ့ အမှားလို ခံစစ်ပိုင်း ကာကွယ်ရာမှာ အာရုံစိုက်မှု ပေါ့ဆတာတွေ မကြာခဏ မြင်ရလေ့ရှိပါတယ်။

နည်းပြအဖွဲ့က ထရန့်ရဲ့ ခံစစ်ပိုင်း အားနည်းချက်ကို ကာကွယ်ပေးနိုင်ဖို့ ဒီကာလတွေအတွင်း ကစားပုံ ပြောင်းပေးနေခဲ့ရာ လက်ရှိ ညာအစွန်နဲ့ နံပါတ် ၆ နေရာ တာဝန်ယူဖို့ ပိုမို အသာကျလာနေတာပဲ ဖြစ်ပါတယ်။