

ဆော်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ဆာလာရဲ့ အပြောင်းအရွှေ့ ကိစ္စ လီဗာပူး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ စနေနေ့ကပဲ လန်ဒန်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
လန်ဒန်မှာရှိတဲ့ လီဗာပူးအသင်း ရုံးခန်းမှာ ကလပ် စီအီးအို ဘီလီဟိုဂန်၊ ကလပ် ဥက္ကဋ္ဌ မိုက်ဂေါ်ဒန်တို့နဲ့ ဆော်ဒီ တာဝန်ရှိသူတွေဟာ ဆာလာအတွက် ထိပ်တိုက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လီဗာပူးဘက်က ဆာလာကို မရောင်းလိုပေမယ့် ဒီတစ်ကြိမ်ဟာ ဖုန်းကနေ ခပ်မြန်မြန် ငြင်းဆန်လိုက်သလောက် လွယ်ကူတော့မှာ မဟုတ်ပါဘူး။
အင်္ဂလန်စျေးကွက် နောက်ဆုံးရက်မှာ Al-Ittihad အသင်းက ဆာလာအတွက် ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းမှုကို လီဗာပူးဘက်က ပယ်ချခဲ့တဲ့နောက် ဒီတစ်ကြိမ်မှာ ကမ္ဘာ့စံချိန်တင် ပမာဏဖြစ်မယ့် ပေါင် သန်း ၂၀၀ ဖြင့် စကားပြောကြဖွယ် ရှိပါတယ်။
ယာဂင်ကလော့ပ်နဲ့ လီဗာပူး အဝတ်လဲခန်းထဲက အခြေအနေမှာတော့ အသင်းဟာ ဆာလာကို ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း ဆက်နေလိုဟန် ရှိပါတယ်။
ဒါပေမယ့် မေးခွန်းတွေ ရှိနေတာက ဆော်ဒီဘက်က အမှန်တကယ် ပေါင် သန်း ၂၀၀ တန် ကမ်းလှမ်းမှု တင်လာခဲ့ရင် လီဗာပူးတာဝန်ရှိသူတွေ ဆက်ငြင်းဦးမှာလား? ၎င်းတို့ ငြင်းဆန်ခြင်းဟာ ပရိသတ်တွေရဲ့ ဆန္ဒနဲ့ကော ထပ်တူကျနေဦးမှာလား? ဖြစ်ပါတယ်။
လီဗာပူးအသင်း ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ ဆာလာလို ကမ္ဘာ့အဆင့် ကစားသမား လိုအပ်ပြီး သူ့ကို ရောင်းထုတ်ခဲ့ရင် ပြန်အစားထိုးမှုဟာ ဇန်နဝါရီ မတိုင်ခင်ထိ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
သို့ပေမယ့် ၂၀၂၄ စျေးကွက် နှစ်ခုဖြစ်တဲ့ ဇန်နဝါရီနဲ့ နွေမှာတော့ ကလပ်နဲ့ စာချုပ် ၂ နှစ်ပဲ ကျန်ရှိတော့မယ့် အသက် ၃၁ နှစ်အရွယ် ဆာလာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ မရနိုင်တော့မှာ သေချာပါတယ်။
နှစ်ဖွဲ့ တာဝန်ရှိသူတွေဟာ အကျိတ်အနယ် စကားပြောကြဖွယ်ရှိပြီး ဘယ်လိုရလဒ် ထွက်ပေါ်လာပါစေ ဆာလာကတော့ လက်ခံသွားမယ်လို့ မှန်းဆရတာ ဖြစ်ပါတယ်။