ယူနိုက်တက်ကို ၇-၀ နဲ့ အနိုင်ရတာ လူတိုင်း မှတ်မိနေပါစေ မျှော်လင့်တယ်လို့ ကလော့ပ် ပြော

ဒီရာသီဟာ မန်ချက်စတာ ယူနိုက်တက်ကို သမိုင်းဝင် နိုင်ပွဲအဖြစ် ၇-၀ နဲ့ အနိုင်ယူခဲ့တာကလွဲလို့ ဘာမှ ပြောစရာ ကိစ္စကောင်း မရှိဘူးလို့ ကလော့ပ်က ဝန်ခံခဲ့ပါတယ်။

ရာသီကုန်မှာ ယူရိုပါလိဂ် ဝင်ခွင့် တစ်နေရာလောက် ရရင်ကို ကျေနပ်ရမှာဖြစ်ပြီး ကိုယ်နဲ့ ထိုက်တန်တာကိုပဲ ပြန်ရတာအဖြစ် လက်ခံသွားမယ်လို့ နည်းပြကြီးက ဆိုပါတယ်။ နောက်နှစ်တွေကြာလာရင် မဟာပြိုင်ဘက်ကို အရှက်တကွဲ အရေးနိမ့်စေခဲ့တဲ့ ဘောလုံးရာသီအဖြစ် လူတိုင်း ပြန်သတိရနေကြဖို့ ကလော့ပ်က မျှော်လင့်နေပါတယ်။

‘ နည်းပြဘဝက အနားယူပြီးသွားရင် အတိတ်ကို ပြန်ပြီး စဉ်းစားတွေးတောဖို့ အချိန်ယူမှာပါ။ ဒီရာသီအတွက် ဆိုရင်တော့ ကျနော်တို့ ဘာတစ်ခုမှ ထူးထူးခြားခြား အနိုင်မရရင်တောင် ယူနိုက်တက်ကို ၇-၀ ရလဒ် ရယူနိုင်ခဲ့တာကို မှတ်မိနေမှာပါပဲ။

နှစ်တွေကြာလာရင် လူတွေက အတိတ်ကို ပြန်အောက်မေ့ကြပြီး လီဗာပူးက မန်ယူနိုက်တက်ကို ၇-၀ နဲ့ အနိုင်ယူခဲ့တဲ့ နှစ်ပေါ့လို့ ပျော်ပျော်ကြီး ပြန်ပြောကြဖို့ မျှော်လင့်တာပါပဲ။

ဒီရာသီအတွက်ကတော့ ဥရောပဝင်ခွင့် တစ်ခုခုကို ရအောင် ကြိုးစားနိုင်မယ်ဆိုရင် ကောင်းပါမယ်။ မဝင်ခဲ့ရင်လည်း လက်ခံရမှာပါပဲ။ ကျနော်တို့က ကိုယ်နဲ့ တန်တာပဲ ရမှာဖြစ်ပါတယ်။

ဒီရာသီ သိပ်ကောင်းတာပဲလို့ မပြောပါဘူး။ ဒီရာသီက ကျနော်တို့ကို သင်ခန်းစာတွေ ပေးခဲ့ပါတယ်။ တတ်နိုင်သလောက် အကောင်းဆုံးတွေကို ဖန်တီးနိုင်ရေး အစွမ်းကုန် အားထုတ်ပြီး ဆက်ကြိုးစားမှာပါ ‘ လို့ ကလော့ပ်က ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်အတွက် အနည်းဆုံး အဆင့် ၆ ဒါမှမဟုတ် အဆင့် ၅ ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။