

ဖရန့်ဖတ်ကွင်းလယ်လူဟောင်း လင်းစတုမ်းက ဒီနွေမှာ လီဗာပူးကို ရွေးချယ်ဖို့ အခွင့်အရေး ရပေမယ့်လို့ နာပိုလီထံ ယူရို ၃၅ သန်းဖြင့် ပြောင်းခဲ့တယ်လို့ ထုတ်ပြောလာပါတယ်။
အသက် ၂၃ နှစ်အရွယ် ဒိန်းမတ် ကွင်းလယ်လူကို ဒီနွေမှာ ခေါ်ယူဖို့ လီဗာပူးအသင်း စိတ်ဝင်စားခဲ့ကြောင်း သတင်းတွေ ထွက်ရှိပေမယ့် တရားဝင် ကမ်းလှမ်းမှုတွေတော့ မတွေ့ခဲ့ရပါဘူး။ ဧပရယ်လတုန်းကပဲ လင်းစတုမ်းက သူဟာ လီဗာပူး အမာခံ ပရိသတ်ဖြစ်ကြောင်း ဝန်ခံထားခဲ့တယ်။
” ကျနော်က လီဗာပူးပရိသတ် တစ်ဦးဆိုတာ အမြဲတမ်း ပြောဖြစ်ပါတယ်။ ဒီတော့ တချိန်မှာ လီဗာပူးအတွက် ကစားပေးရမယ်ဆိုရင် သိပ်ကောင်းတာပေါ့ဗျာ။ လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းကိစ္စ ကြားချိန်မှာ ပထမဆုံး စိတ်ဝင်စားမိသူက ကျနော်ပဲ ဖြစ်ပါတယ်။ ကျနော်က လီဗာပူးဘက်တော်သားတစ်ယောက်ပါ ” လို့ ကွင်းလယ်လူက ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် တကယ်တမ်း ရွေးချယ်စရာ ရှိလာချိန်မှာ ကိုယ်အားပေးတဲ့ အသင်းရဲ့ အရန်ခုံမှာ ထိုင်ရတာထက် အခြားအသင်းမှာ ပွဲကစားပြီး လီဗာပူးကို တီဗီရှေ့ကနေ အားပေးဖို့ကပဲ ပိုကောင်းတဲ့ ရွေးချယ်မှုလို့ လင်းစတုမ်းက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအကြောင်းတွေကို ဒိန်းမတ် သတင်းစာဖြစ်တဲ့ Tipsbladet က တစ်ဆင့် သူက အခုလို ပြောပြခဲ့တယ်။
“ ကျနော်ကို လီဗာပူးဘက်က ကမ်းလှမ်းခဲ့ပါတယ်၊ ကျနော်က လီဗာပူး ပရိသတ်တစ်ဦးပါ။ ဒီတော့ ဒါက သိပ်ကောင်းတဲ့ အတွေ့အကြုံ ဖြစ်မယ်ဆိုပေမယ့် တကယ်ပဲ ရွေးချယ်သင့်တဲ့ အပြောင်းအရွှေ့ ဖြစ်လာမှာလား? စဉ်းစားခဲ့ပါတယ်။
ကျနော် ပွဲမကစားရဘူးဆိုရင် အခြားအသင်း ကစားသမားအဖြစ် တီဗီရှေ့ထိုင်ပြီး လီဗာပူးကစားတာကို အားပေးလို့ရနေပါသေးတယ်။ ကျနော်ရဲ့ အသက်အရွယ်က ဘောလုံးကစားရဖို့ လိုပါတယ်။ ဒါကြောင့်ပဲ နာပိုလီက သင့်လျော်တဲ့ အသင်းလို့ ရွေးချယ်ခဲ့တာပါ ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။