လီဗာပူးပရိသတ်တွေဟာ ဆာလာကို ဂန္တဝင်တစ်ဦး အပေါ် လေးစားမှုမျိုး ပေးသင့်နေပြီလား

လီဗာပူးအသင်း လူစာရင်းထဲက အကောင်းဆုံး ကစားသမားဆိုရင် အသင်းပရိသတ် အများအပြားက ဆာလာကိုပဲ ရွေးချယ်ကြမှာပါ။ ဒါပေမယ့် ဆာလာဟာ အမြဲတမ်း အကောင်းမြင်ခံရတဲ့ ကစားသမားမျိုး မဟုတ်ဘူး၊ အသင်းပရိသတ်တိုင်း သူ့ကို သဘောမကျပါဘူး။

လီဗာပူး တောင်ပံကနေ ဧရိယာထဲ ဝင်ရောက်ပြီး ဂိုးသွင်းနိုင်စွမ်း မြင့်မားတဲ့ ဆာလာဟာ တစ်ကိုယ်ကောင်းဆန်တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း များစွာ ရရှိခဲ့ဖူးပါတယ်။ မနှစ်က မာနေး ထွက်ခွာသွားချိန်မှာ တကယ် ရောင်းထုတ်သင့်တာ ဆာလာဆိုတဲ့ ဝေဖန်ချက်တွေလည်း မနည်းလှပါဘူး။

ဆာလာဟာ ၂၀၂၂ မှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲဖြင့် ၃ နှစ် သက်တမ်းတိုးခဲ့ပါတယ်။ အချို့ကတော့ ဆာလာ ငွေမက်တယ်လို့ ဝေဖန်ကြပေမယ့် ကစားသမားဟာ သူ့နဲ့ ခေတ်ပြိုင်တွေဖြစ်တဲ့ ဒီဘရိုင်း၊ ဒီဂီယာတို့ တစ်ပတ် ပေါင် ၄ သိန်းဝန်းကျင် ရနေသလို​ လီဗာပူးဘက်က သူ့အပေါ် တန်ဖိုးထားတာမျိုး လိုချင်ခဲ့တာ ဖြစ်ပါတယ်။

ဆာလာဟာ ပရော်ဖက်ရှင်နယ် ပီသသူဖြစ်ပြီး အသင်းရဲ့ပွဲတိုင်းမှာ ပါဝင်ပေးနိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အမြဲတမ်း ဂရုစိုက်တတ်ပါတယ်။ နည်းပြကလောပ့် လက်ထက် သွင်းဂိုး အားလုံးရဲ့ ၃၇% (သွင်းဂိုးဖြင့် ၂၄%၊ ဂိုးထောက်ပံ့မှုဖြင့် ၁၃%) ဟာ ဆာလာ လုပ်ပေးထားတာပါ။

မနှစ်မြို့သူတွေကြားမှာ ကွင်းထဲက​နေ သူ့ကို ထုတ်ရင် စိတ်ဆိုးတတ်သူ၊ ဂိုးသွင်းဖို့ဆိုရင် အသင်းဖော်တွေကို တစ်ကိုယ်ကောင်းဆန်သူလို့ ဝေဖန်ခံရတဲ့ ဆာလာကို အသင်းပရိသတ်တွေက အခုထက်ပိုတဲ့ လေးစားမှု ပေးသင့်ကြောင်း ဖြစ်ရပ်မျိုး ဒီနွေမှာ ဖြစ်လာခဲ့ပါတယ်။

ဒီနွေမှာ ဆော်ဒီတို့ ဆာလာကို ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းချိန်ဟာ အင်္ဂလန်စျေးကွက် ပိတ်ခါနီးအချိန်ဖြစ်ပါတယ်။ ဆာလာဘက်က အသင်း ပြောင်းလိုကြောင်း တောင်းဆိုရင် တားဆီးဖို့ ခက်ခဲပါတယ်။ ဥပမာအားဖြင့် ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ကို ဒီနွေမှာပဲ လက်လွတ်ပေးခဲ့ပါတယ်။

သို့ပေမယ့် ကစားသမားဟာ လီဗာပူးမှာထက် ၅ ဆလောက်ပိုရမယ့် ငွေကြေးထက် အမြင့်ဆုံးအဆင့်မှာ ဘောလုံးကစားရရေးကိုပဲ ရွေးချယ်လိုခဲ့တယ်။ သူဟာ နိုင်ပွဲရစေမယ့် သွင်းဂိုးတွေအတွက် တစ်ကိုယ်ကောင်းဆန်ရင်တောင် ငွေကြေးအတွက်တော့ မလုပ်ပါဘူး။

ဒီအပတ်မှာလည်း ဆော်ဒီလိဂ်ရဲ့ စျေးကွက်က မပိတ်သေးတာမို့ ပေါင် သန်း ၂၀၀ ဖြင့် ချိတ်ဆက်လိုပြီး ကစားသမားဘက်က ဘာတွန်းအားမှ မပေးခဲ့ပါဘူး။ ဒါကြောင့် အနည်းဆုံး ဇန်နဝါရီထိ သူ အသင်းမှာ ဆက်ရှိနေပြီး ရာသီကုန်ထိ ဒီရပ်တည်မှုကို မပြောင်းလဲဘူးလို့ မျှော်လင့်ရတယ်။

ဆာလာဟာ သူ လီဗာပူးအသင်းကို အရမ်းချစ်ကြောင်း၊ ပရိသတ်တွေအတွက် အစွမ်းကုန် ပေးဆပ်မှာဖြစ်ကြောင်း ဘယ်တော့မှ မပြောဘဲ ကွင်းတွင်းမှာ စွမ်းဆောင်ရည်နဲ့ပဲ သက်သေပြသူ ဖြစ်ပါတယ်။ ကွင်းတွင်းကော ကွင်းပြင်မှာပါ အကျိုးပြုတဲ့ ဆာလာထံကနေ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေ အမြဲတမ်း မျှော်လင့်လို့ရပါတယ်။

ဒီအပတ်အတွင်း လီဗာပူးနဲ့ ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေဟာ ဆာလာကိစ္စ ဆွေးနွေးရာကနေ အကောင်းမြင်စရာ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တယ်။ ၂၀၂၄ နွေမှာ ဆာလာအတွက် ပြန်ကြိုးစားမယ့် သဘော ဆော်ဒီဘက်က စကားချန်ခဲ့ပါတယ်။

အနာဂတ်မှာ ဆာလာ လီဗာပူးကနေ ထွက်ခွာသွားတာမျိုး ဖြစ်လာနိုင်သေးတယ် ဆိုပေမယ့် အီဂျစ်သားဟာ ကလပ်ရဲ့ ဂန္တဝင် အဖြစ် ပရိသတ်တွေထံက အခုထက် ပိုတဲ့ အသိအမှတ်ပြုမှုတော့ ရသင့်နေပြီ ဖြစ်ပါတယ်။