ယူရိုပါလိဂ် လူစာရင်းမှာ ဗန်ဒုတ်ကို ထည့်နိုင်ဖို့ အတ်ဒရီယန်ကို ဖယ်ထုတ်မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ယူရိုပါလိဂ် လူစာရင်းမှာ ကလပ်ရဲ့ ကြယ်ပွင့်ကို ထည့်သွင်းနိုင်ဖို့ ဝါရင့် ဂိုးသမား အတ်ဒရီယန်ကို ဖယ်ထုတ်သွားမှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေနဲ့ ပရီးမီးယားလိဂ် စည်းမျဉ်း သတ်မှတ်ချက်တွေဟာ အနည်းငယ် ကွဲပြားနေတာကြောင့် ယာဂင်ကလော့ပ်က သူ့ရဲ့ လူစာရင်း ရွေးချယ်ရေးမှာ စဉ်းစားစရာတွေ ရှိလာနေခဲ့တာပါ။

ယူအီးအက်ဖ်အေထံ စီနီယာ ကစားသမား ၂၅ ဦး တင်ရာမှာ ‘locally trained’ အဖြစ် ၈ ဦးတင်ရမှာဖြစ်ပြီး အဆိုပါထဲက ၄ ဦးဟာ ကလပ် အကယ်ဒမီကနေ မြေတောင်မြှောက်ပေးထားတဲ့ ကစားသမားတွေဖြစ်ရမှာပါ။

‘locally trained’ အရည်အချင်း ပြည့်မှီဖို့အတွက်ဆိုရင် ကစားသမားဟာ အသက် ၁၅ နှစ်ကနေ ၂၁ နှစ်ကြားမှာ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် လက်အောက်က ကလပ်အတွင်း ၃ ရာသီကြာ ကစားထားသူ ဖြစ်ရပါမယ်။

List B အဖြစ်တော့ အသက် ၂၁ နှစ်အောက် ကစားသမားတွေကို စိတ်ကြိုက် နာမည်စာရင်း တင်နိုင်ပါတယ်။ ဒါပေမယ့် ကလပ်မှာ အနည်းဆုံး ၃ နှစ် ရှိထားသူ ဖြစ်ဖို့လိုပါတယ်။ ဒီအချက်ကြောင့်ပဲ မနှစ်က ဘာ့ဆီတစ်ကို List A ကနေ ထည့်ခဲ့ရပါသေးတယ်။

ဒီအချက်တွေကြောင့်ပဲ ပရီးမီးယားလိဂ်မှာ ယူ-၂၁ ကစားသမားတွေအဖြစ် နာမည်စာရင်း ထည့်စရာ မလိုတဲ့ ဂရာဗင်ဘက်ချ်နဲ့ ဗန်ဒုတ်တို့ဟာ ဥရောပ လူစာရင်းမှာတော့ List B ထဲ ထည့်လို့မရတော့ဘဲ List A ကနေ ထည့်ရမှာ ဖြစ်ပါတယ်။

List A အတွင်း ထည့်ရမယ့် ‘locally trained’ မဟုတ်တဲ့ ကစားသမား ၁၇ ဦးနေရာအတွက် ကစားသမား ၁၈ ဦးထိ ရှိနေတာမို့ ၁၇ နှစ်အရွယ် ဗန်ဒုတ်တို့ကို ထည့်သွင်းနိုင်ရေး တတိယဂိုးသမား အတ်ဒရီယန်ကို ဖယ်ထုတ်ဖို့ ကလပ်ဘက်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။