

လွန်ခဲ့တဲ့ ၃ ပတ်က အန်ဖီးကွင်းရဲ့ Anfield Road ပွဲကြည့်စင် တိုးချဲ့ရေးကိစ္စ ရပ်တန့်နေခဲ့မှုဟာ ဒီကနေ့မှာတော့ ပြန်လည် စတင်ပြီဖြစ်ပါတယ်။
တည်ဆောက်ရေးကို တာဝန်ယူထားတဲ့ Buckingham ဘက်က ကုမ္ပဏီရဲ့ အတွင်းရေး ပြဿနာတွေကြောင့် Anfield Road တိုးချဲ့မှု ရပ်တန့်သွားတာပါ။ ဒါပေမယ့်လို့ Buckingham ဘက်က ဆိုဒ်ရဲ့ လုပ်ပိုင်ခွင့်အား ဒီကနေ့မှာပဲ လီဗာပူးအသင်းထံ လွဲပြောင်းပေးခဲ့ပြီ ဖြစ်ပါတယ်။
ဆောက်လုပ်ရေး ဝန်ထမ်းတွေဟာ ဒီကနေ့မှာ လုပ်ငန်းခွင့် ပြန်ဝင်နေပြီး ပွဲကြည့်စင် အပေါ်ပိုင်း အပြီးသတ်နိုင်ရေးတွေ ပြန်လည် စတင်လာခဲ့ပါပြီ။ လုပ်ငန်းစဉ်တွေကို အလုံးစုံ အပြီးသတ်နိုင်ရေးအတွက်တော့ လီဗာပူးအသင်းဘက်က ကန်ထရိုက်တာသစ် ကို အမြန်ဆုံး ရှာဖွေနေပြီ ဖြစ်ပါတယ်။
အသင်းဟာ အောက်ဘက်ပိုင်း ပွဲကြည့်စင်ကိုတော့ ပရိသတ် ဧည့်ခံနိုင်ခွင့်ရအောင် မြို့ကောင်စီရဲ့ ခွင့်ပြုချက် ရယူနိုင်ခဲ့ကာ ဘုန်းမောက်နဲ့ အက်စတွန်ဗီလာပွဲမှာ ပရိသတ်တွေ ဝင်ခွင့် ပေးခဲ့ပါတယ်။ ဒါပေမယ့်လို့ အောက်တိုဘာမှာ တစ်ကွင်းလုံးအပြည့် ပရိသတ် ၆၁၀၀၀၀ ဝင်ဆံ့နိုင်ဖို့ကတော့ အခက်အခဲဖြစ်ခဲ့တာပါ။
တိုးချဲ့ရေးအတွက် လုပ်ပိုင်ခွင့်ကို ပြန်ရခဲ့ပြီဖြစ်တာနဲ့အတူ မူလ အစီအစဉ်အတိုင်း အောက်တိုဘာမှာ ကွင်းတည်ဆောက်မှုကို အပြီးသတ်ဖို့ လီဗာပူးအသင်းဘက်က ရည်ရွယ်ထားပါတယ်။
ကန်ထရိုက်တာသစ်အဖြစ် ပရီစတန် အခြေစိုက် အဖွဲ့တစ်ခုကတာဝန်ယူပေးသွားမယ် သတင်းကြီးနေပေမယ့် အပြီးသတ် ဆုံးဖြတ်ချက်ကို အခုချိန်ထိ ကလပ်ဘက်က ဆုံးဖြတ်ရခြင်း မရှိသေးတာ ဖြစ်ပါတယ်။