ဆော်ဒီဘက်က ဘာကြောင့် မိုဆာလာကို ကမ္ဘာ့စံချိန်တင်ကြေး ပေးလိုနေသလဲ

ဥရောပ ဘောလုံးလောကမှာတော့ အသက် ၃၁ နှစ်အရွယ် ကစားသမား တစ်ဦးကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ ဖြင့် ခေါ်ယူဖို့ ကြိုးစားမယ့် ကိစ္စရှိလာခဲ့ရင် အဲ့သည်ကလပ်ကို ရူးများနေသလားလို့ မေးခွန်းထုတ်ကြပါလိမ့်မယ်။

ကစားသမားဘဝ အကောင်းဆုံး အရွယ်ကို ရောက်နေသလို နောက်ဆုံး အချိန်ထဲ ဝင်တော့မယ့် ဘောလုံးသမား တစ်ယောက်အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုး သုံးတာမျိုးဟာ ဥရောပမှာ ဘယ်တော့မှ ရှိလာမယ့် ကိစ္စ မဟုတ်ပါဘူး။

ဒါပေမယ့်လို့ ဆော်ဒီပရိုလိဂ်က ဆာလာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ လောက်ပေးဖို့အပြင် ကစားသမားကို ကမ္ဘာ့စံချိန်တင် လုပ်ခ ပေးဖို့ထိပါ ပြင်ဆင်လာခဲ့ပါတယ်။ ဒါတွေရဲ့ နောက်ကွယ်မှာတော့ ဘောလုံးကိစ္စတင် မဟုတ်ဘဲ နိုင်ငံရေးရာ ဆက်နွယ်မှုတွေလည်း ပါဝင်နေပါတယ်။

အာရပ်ကမ္ဘာရဲ့ အခြေအနေကို အသေးစိတ် မဟုတ်ဘဲ အကြမ်းသဘော ပြောရမယ်ဆိုရင် လက်ရှိ အရှေ့အလယ်ပိုင်း ဒေသရဲ့ အပြင်းထန်ဆုံး ဒါဘီပွဲဟာ Al Nassr နဲ့ Al Hilal အသင်း ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။

အဆိုပါ ဂုဏ်ပုဒ်ကို ရထားတဲ့ နောက်ထပ် ဒါဘီပြိုင်ဘက်တွေက အီဂျစ်ကလပ်တွေဖြစ်တဲ့ Zamalek နဲ့ Al Ahly အသင်းတို့ရဲ့ ဒါဘီပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အီဂျစ်အသင်းတွေက ဆော်ဒီကလပ်တွေလောက် နိုင်ငံတကာ ပရိသတ် မရှိဘဲ ပြည်တွင်းပရိသတ်တွေပဲ ရှိပါတယ်။

(Zamalek နဲ့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်အတွင်း Al Ahly အသင်း ပရိသတ် တစ်ဦးရဲ့ အားပေးနေမှု)

ဆော်ဒီပရိုလိဂ်ဟာ သူတို့ ဘောလုံးလောကကို အဆင့်မြင့်လာခဲ့ပြီးတဲ့နောက် အခုဆိုရင် နိုင်ငံတကာမှာ ရုပ်သံပေါင်း ၄၀ နဲ့ လက်တွဲနေပါပြီ။ ၎င်းတို့ရဲ့ ရုပ်သံ ဝင်ငွေတွေဟာ မနှစ်ကစလို့ ရာခိုင်နှုန်း များစွာ တိုးတက်သွားခဲ့ပါပြီ။ ဒါပေမယ့် ဒါတွေက အစပဲ ရှိပါသေးတယ်။

သူတို့မှာ အဆင့်လိုက် လုပ်ဆောင်ဖို့ ရည်မှန်းထားတာတွေ အများကြီး ရှိနေပြီး နောက်ထပ် ရည်မှန်းချက်ထဲက တစ်ခုကတော့ ဒေသတွင်းက ပရိုလိဂ်တွေကို ကျော်ပြီး လူစိတ်ဝင်စားမှု အမြင့်ဆုံး ရရှိနေတဲ့ ပရိုလိဂ်တစ်ခု ဖြစ်လာရေးပါပဲ။

ဒါကြောင့်ပဲ ပရိသတ်ပေါင်း သန်း ၁၀၀ ကျော်ရှိတဲ့ အီဂျစ်ရဲ့ အကောင်းဆုံး ကစားသမားကို ဆော်ဒီလိဂ်ထံ ခေါ်ယူခြင်းနဲ့အတူ အာရပ်ကမ္ဘာမှာ အကြီးကျယ်ဆုံး ပရိုလိဂ်တစ်ခုနေရာ ခိုင်ခိုင်မာမာ ရယူဖို့ ခြေလှမ်းပြင်နေတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ စံချိန်တင် ပမာဏဖြင့် ကမ်းလှမ်းခံရဖွယ် ရှိတာတောင် ဆာလာကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေဆဲပါ။ အားကစားပိုင်းအရဆိုရင် ဆာလာကို လက်လွတ်လိုက်ရင် အသင်းဟာ ဇန်နဝါရီထိ အစားထိုးနိုင်တော့မှာ မဟုတ်ပါဘူး။ ကလပ်ရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမားကြောင့် လီဗာပူးကလည်း အာရပ်ကမ္ဘာကနေ ဘဏ္ဍာရေး အကျိုးအမြတ်တွေ ရနေဆဲဖြစ်ပါတယ်။

ဆာလာရဲ့ အခြေအနေဟာ ရှုပ်ထွေးတဲ့ အခြေအနေတစ်ရပ်မှာ ရှိနေပြီး အရာအားလုံးဟာ ကောင်းမွန်တဲ့ အနေအထားထံ ဦးတည်သွားဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။