ဘာစီလိုနာထံ ဖာမင်နို ဘာကြောင့် မပြောင်းသင့်လဲ ဘရာဇီး ဂန္တဝင်ကြီး ရီဗယ်ဒို ရှင်းပြလာ

ဘာစီလိုနာရဲ့ စိတ်ဝင်စားခြင်းကို ပိုင်ဆိုင်ထားပေမယ့် စိတ်ခံစားချက်ကို လိုက်ပြီး အသင်း မပြောင်းဖို့ ရော်ဘတ်တို ဖာမင်နိုကို ဘရာဇီးဂန္တဝင် ရီဗယ်ဒိုက သတိပေးလိုက်ပါတယ်။

ဖာမင်နိုဟာ အန်ဖီးကနေ ထွက်ခွာမယ့်အကြောင်း ကြေညာထားပြီးဖြစ်ပြီး ဒီနွေမှာ ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခံနေရပါတယ်။ တရားဝင် ကမ်းလှမ်းမှုတွေ မဟုတ်သေးပေမယ့် ဘာစီလိုနာက အူဘာမီယန် အပါအဝင် ဆန်ကာတင်စာရင်းမှာ ဖာမင်နိုကို ထည့်သွင်းထားပါတယ်။

“ တခြား ဘရာဇီးဂန္တဝင် ကစားသမားတွေရဲ့ ခြေရာနင်းပြီး ဘာစီလိုနာအတွက် ကစားပေးဖို့ အိမ်မက်ကို ဖာမင်နို အကောင်အထည်ဖော်ချင်မယ် ဆိုတာ ကျွန်တော် ယုံပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဘာစီလိုနာမှာ သူဘယ်လိုနေရာမျိုး ရမလဲဆိုတာကို အရင်ဆုံး လေ့လာသင့်တယ်လို့ ထင်ပါတယ် ” ဆိုပြီး ရီဗယ်ဒိုက ပြောပါတယ်။

ဇာဗီရဲ့ နည်းဗျူဟာတွေနဲ့ တိုက်စစ်မှူးတစ်ယောက်ထဲနဲ့ ကစားတတ်တဲ့ နည်းစနစ်ကို ရီဗယ်ဒိုက ထောက်ပြခဲ့တယ်။ ကက်တလန်အသင်းမှာ လီဝန်ဒေါစကီး ရှိနေတာကြောင့် အဲ့ကို ပြောင်းခဲ့ရင် ဖာမင်နိုက အရံခုံမှာ ထိုင်ရနိုင်ခြေများပါတယ်။

“ ဇာဗီက အမြဲတမ်း ဗဟိုတိုက်စစ်မှူး တစ်ယောက်နဲ့ပဲ ကစားတယ်။ လီဝန်ဒေါစကီးရှိပြီးသားလေ။ ဖာမင်နို ရောက်သွားရင် နည်းဗျူဟာ အပြောင်းအလဲ လုပ်ချင်လုပ်နိုင်ပေမယ့် အဖြစ်နိုင်ဆုံးကတော့ သူက မိနစ်အနည်းငယ်ပဲ ကစားရမယ့် အရံခုံ ကစားသမားပဲ ဖြစ်လိမ့်မယ်။

အဲ့ဒါကြောင့် သူ့ဆုံးဖြတ်ချက်ကို သေချာစဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်တယ်။ လီဗာပူးကနေ သူထွက်သွားလိုက်တာနဲ့ သူရေးသားခဲ့တဲ့ လှပတဲ့ သမိုင်းတစ်ခုကို ပျက်ဆီးစေမှာ မဟုတ်ပါဘူး”လို့ ရီဗယ်ဒိုက ဆိုပါတယ်။

ဖာမင်နို ဘာစီလိုနာကို ပြောင်းမယ်ဆိုရင်တော့ ဇာဗီထံကနေ ပွဲကစားခွင့် အာမခံချက်ကို အရင်ဆုံးတောင်းသင့်ပြီး မဟုတ်ရင်တော့ ပွဲမိနစ် ပိုရမယ့် အခြားသော အသင်းတွေကို ရွေးချယ်ဖို့ ရီဗယ်ဒိုက အကြံပေးခဲ့ပါသေးတယ်။

“ ဘာစီလိုနာမှာ ကစားရတာက အိမ်မက်တစ်ခု အောင်မြင်ခြင်းဆိုတာ သံသယဖြစ်စရာ မရှိဘူး။ ဒါပေမယ့် ဖာမင်နိုက ကစားသမားဘဝ နှောင်းပိုင်းအချိန်မှာ သူ့ကို ကစားချိန် ပိုပေးမယ့် နောက်ထပ်ကလပ်ကို ရှာဖွေသင့်ပါတယ်။

တကယ်လို့ ဘာစီလိုနာနဲ့ သဘောတူညီမှုရသွားရင်တော့ သူဘယ်လိုမျိုး နေရာရမလဲဆိုတာကို သိရအောင်လို့ ဇာဗီနဲ့ အရင်ဆုံး ဆွေးနွေးသင့်တယ်”လို့ ရီဗယ်ဒိုက အကြံပေးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။