NEWS: ကမ္ဘာစံချိန်တင်ကြေးဖြင့် စိတ်ဝင်စားခံရပေမယ့် မိုဆာလာကို ဆက်ထိန်းနိုင်တော့မယ့် လီဗာပူး

ဆော်ဒီကလပ် Al-Ittihad အသင်းဟာ ကြာသပတေးနေ့ အပြောင်းအရွှေ့ စျေးကွက် မပိတ်ခင် ဆာလာကို လက်မှတ်ထိုး ခေါ်နိုင်ဖို့ အခွင့်အရေး နည်းပါလှကြောင်းကို နားလည်သွားခဲ့ပါပြီ။

ဆော်ဒီကလပ်ဟာ အင်္ဂလန်အပြောင်းအရွှေ့ မပိတ်ခင် ဆာလာအတွက် ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။ သူတို့ဟာ ဒီနွေမှာ နောက်ဆုံး ကြိုးစားမှုအဖြစ် အီဂျစ်သား တိုက်စစ်သမားကို ပေါင် သန်း ၂၀၀ နဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ဒါပေမယ့်လို့ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးမျိုး ပေးမှာကိုတောင် လီဗာပူးဘက်က ပူးပေါင်းပေးလိုစိတ် ကင်းမဲ့မှုနဲ့အတူ ဒီခေါ်ယူမှု ဖြစ်လာနိုင်ရေး အချိန်မရှိတော့တာကို ဆော်ဒီကလပ်က သိလာခဲ့ကြောင်း ၎င်းတို့နဲ့ နီးစပ်သူတွေက တယ်လီဂရပ်ကို သတင်းပေးခဲ့ပါတယ်။

Al-Ittihad အသင်းဘက်က ဆာလာအတွက် ညိနှိုင်းဖို့ အချိန် မရှိတော့တာကို သိထားပါတယ်။ ဒီနွေမှာ ဆာလာကို မခေါ်ယူနိုင်ပေမယ့် နောက်ထပ် စျေးကွက်တွေမှာ ပြန်ပြီး ကြိုးစားဖို့လည်း အသင့်ရှိနေမယ်လို့ သိရပါတယ်။

ဆော်ဒီလိဂ်ရဲ့ ပစ်မှတ်ထားခြင်း ခံရပေမယ့် ဆာလာဟာ လူမြင်ကွင်းမှာ မှတ်ချက်ပေး စကားပြောဆိုလာခြင်း မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူး အဝတ်လဲခန်းတွင်း အခြေအနေ၊ ကွင်းတွင်းက သူ့ရဲ့ စွမ်းဆောင်ရည်အရ ဆာလာဟာ မာဆေးဆိုဒ်မှာပဲ ဆက်ရှိလိုနေတယ်လို့ ရှုမြင်ရပါတယ်။

ဥရောပလိဂ်မှ ကစားသမား အများအပြာဟာ ဆော်ဒီလိဂ်ထံ အလုံးအရင်းနဲ့ ပြောင်းရွှေ့နေကြပါပြီ။ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ ဖာမင်နိုလို ဆာလာ အသင်းဖော်ဟောင်းတွေကလည်း ဆော်ဒီလိဂ်ထံ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ဆာလာကတော့ ငွေကြေးထက် အားကစားပိုင်း အောင်မြင်မှုကို ပိုမို မက်မောနေသေးဟန် ရှိကာ ဒီရာသီ လီဗာပူးအသင်းနဲ့အတူ အောင်မြင်မှုတွေ ရဖို့ အားထုတ်လိုနေကြောင်း သုံးသပ်ရတာ ဖြစ်ပါတယ်။