ဆော်ဒီနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ခြင်း၊ FSG နဲ့ ကာတာအဖွဲ့တွေ့ဆုံ၊ အန်ဖီးကွင်းအတွက် ကန်ထရိုက်တာသစ် ရခဲ့ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ ခံစစ်မှူးသစ် ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိကာ ဘုန်းမောက်အသင်းမှ အင်္ဂလန်သား လွိုက်ကယ်လီကို သဘောကျထားမှုအား ပြန်အသက်သွင်းလိုပါတယ်။

ဆော်ဒီပရိုလိဂ်ဟာ ဆာလာအပေါ် စိတ်ဝင်စားဆဲဖြစ်တာကြောင့် ၂၀၂၄ နွေမှာ တစ်ကျော့ပြန် ကမ်းလှမ်းမယ့်အကြောင်းကို အခုတည်းက သတင်းစကား ချန်ထားခဲ့ပြီ ဖြစ်ပါတယ်။

ဆာလာအတွက် လီဗာပူးနဲ့ ဆော်ဒီကလပ်တို့ ဆွေးနွေးစကားပြောရာက ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အနာဂတ် အပြောင်းအရွှေ့တွေမှာ နှစ်သင်းကြား ဆက်ဆံမှုတွေ ရှိလာနိုင်ဆဲ အခြေအနေ ဖြစ်ပါတယ်။

အန်ဖီးကွင်းကို အပြီးသတ်ပေးဖို့ ကန်ထရိုက်တာသစ်အား လီဗာပူးဘက်က ရှာဖွေနိုင်ခဲ့ပါပြီ။ မူလ အစီအစဉ်အတိုင်း အောက်တိုဘာလအတွင်း ကွင်းတိုးချဲ့မှုကို အပြီးသတ်ဖို့ ကြိုးစားမှာပါ။

လီဗာပူးအသင်း ဒါရိုက်တာဟောင်းတွေဖြစ်တဲ့ မိုက်ကယ်အတ်ဝတ်နဲ့ အိုင်ယမ် ဂရေဟမ်တို့အတွဲဟာ ဘောလုံးလောကထဲ ပြန်ဝင်လာဖို့ စီစဉ်နေပါပြီ။ ဒါပေမယ့်လို့ အတ်ဝတ်ဟာ အားကစားဒါရိုက်တာ ရာထူးအတွက် ပြန်ဝင်လာခြင်းမျိုး မဟုတ်ပါဘူး။

လီဗာပူးအသင်းပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ ကာတာအဖွဲ့တစ်ခုနဲ့ တွေ့ဆုံမှုတွေ လုပ်ကြောင်း သတင်းတွေ ထွက်နေပြီး အခုချိန်ထိတော့ အတော်လေး တိုးတဲ့ အသံတွေပဲ ဖြစ်နေပါသေးတယ်။

လီဗာပူးနည်းပြအဖွဲ့ဘက်က ဂရာဗင်ဘက်ချ်ကို ဂီနီ ဝိုင်နယ်ဒမ်နဲ့ နည်းစနစ်ပိုင်း တူညီသူအဖြစ် နှိုင်းယှဉ်မှုတွေ ရှိထားကြောင်း သတင်းထွက်နေပါတယ်။

ဘိုင်ယန်မြူးနစ်မှ ဆာနေးလို ကစားသမားမျိုးကို ဆာလာနေရာ အစားထိုးဖို့အတွက် လီဗာပူးဘက်က သဘောကျတယ်လို့ ဂျာမနီသတင်းတွေက ဆိုပါတယ်။