လီဗာပူးဆိုင်ရာ ကျွမ်းကျင်သူတွေလို့ ကိုယ့်ဘာသာ ခံယူထားတဲ့ ကီးဘုတ်ဖိုက်တာတွေကို တုန့်ပြန်ပြီ

ကလော့ပ်က လီဗာပူးအကြောင်း ကျွမ်းကျင်သူတွေလို့ သူတို့ကိုယ်သူတို့ သတ်မှတ်ထားတဲ့ အင်တာနက်ပေါ်က ဖိုက်တာတွေစကားကို နားထောင်ခဲ့မယ်ဆိုရင် ဒီနွေမှာ ကွင်းလယ်လူသစ် ၁၀ ယောက်လောက် လက်မှတ်ထိုးနိုင်ရင်တောင် ကျေနပ်နှစ်သိမ့်ကြမှာ မဟုတ်ဘူးလို့ ထင်မြင်နေပါတယ်။

ဒီရာသီ လီဗာပူးအသင်းက ချီးကျုးလောက်စရာ မဟုတ်တာကို လက်ခံထားတဲ့ ကလော့ပ်က ကလပ်အသင်း တိုးတက်မှု လမ်းကြောင်းတွေထံ ပြန်ရောက်ဖို့ ကြိုးစားလိုနေပါတယ်။ ဒါပေမယ့်လို့ အသင်းကို အားရကျေနပ်မှု မရှိဘဲ အစဉ်တစိုက် ဝေဖန်ကြတဲ့ ဖိုက်တာတွေမှာ ဘာဆုံးဖြတ်ချက်မှ လုပ်ခွင့်မရှိတာကို ကလော့ပ်က စိတ်သက်သာရာရနေခဲ့တယ်။

“ ကောင်းတဲ့ကိစ္စက ဆုံးဖြတ်ချက် ချရတဲ့သူတွေက ကျနော်တို့ ဖြစ်နေပြီး ဆိုရှယ်မီဒီယာမှာ အကြံပေးစကား ရေးသားနေသူတွေကို ဒီဆုံးဖြတ်ချက်တွေ လုပ်ခွင့် ပေးမထားရတာပါပဲ။ ဘာလို့လဲဆိုတော့ ဒါကပဲ ကျနော်တို့ ကြားရတဲ့ တစ်ခုတည်းသော သဘောထား အမြင်တွေ ဖြစ်နေလို့ပါ။

ဆိုရှယ်မီဒီယာပေါ်က စာတွေပဲ လိုက်ဖတ်နေရင်တော့ ‘အိုးမိုင်ဂေါ့.. ငါတို့ ကွင်းလယ်ထက် ပိုကြီးမားတဲ့ ပြဿနာ ကမ္ဘာပေါ်မှာ မရှိတော့ဘူး’ ဆိုပြီး တွေးထင်မိကြလိမ့်မယ်။ ” လို့ ကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။

၅ ပွဲဆက်နီးပါး ပွဲထွက်လူစာရင်း အပြောင်းအလဲ ပြုလုပ်ခြင်း မရှိတာအတွက် အချို့ လီဗာပူးပရိသတ်တွေက စိတ်ပျက်စွာ ဝေဖန်ကြမှုတွေဟာ ကလော့ပ်ရဲ့ နားထဲထိ ရောက်သွားခဲ့ပါတယ်။

” ဝက်စ်ဟမ်းနဲ့ နောက်ဆုံးပွဲပြီးတော့ ကျွန်တော်တို့လူစာရင်းနဲ့ ပတ်သက်ပြီး လူတွေရေးထားကြတာတွေကို တစ်ယောက်က လာပြတယ်။ သူတို့တွေက ကွင်းထဲမှာ ကာတစ်ဂျုံးစ် ရှိနေတာကို မလိုချင်ကြဘူး၊ ဂက်ပို ရှိနေတာကို မလိုချင်ကြဘူး။

မာတစ် ဝင်ကစားတာမြင်ရင် တခြားပွဲကို ပြောင်းကြည့်လိုက်တော့မယ် ဆိုပြီး ပြောကြတယ်။ သူတို့က ကျွန်တော်တို့အသင်းရဲ့ ပရိသတ်တွေပါပဲ” လို့ ကလော့ပ်က ဆိုပါတယ်။

ဒီရာသီ ကျရှုံးမှုတွေကို အဖြေရှာတဲ့ နေရာမှာ ကီးဘုတ်ဖိုက်တာတွေက ဘယ်လိုနေနေ ကျေနပ်အားရမှာ မဟုတ်တာမို့ ပြင်ပက အသံတွေကို နားထောင်မနေဘဲ ယခင်ရာသီတွေမှာ လုပ်ခဲ့တဲ့အတိုင်း အကောင်းဆုံးတွေကိုပဲ လုပ်နိုင်ဖို့က အရေးကြီးတယ်လို့ ကလော့ပ်က မြင်နေပါတယ်။

“ ဒီလိုကျပ်တည်းတဲ့ အခြေအနေက လူတွေကို စိုးရိမ်ပူပန်စေတာ ကျနော် သိတယ်။ လုံးဝ နားလည်တယ်။ ဒါပေမယ့် ကျနော်တို့တွေ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချရဦးမယ်။ အလောတကြီးနဲ့ ထင်သလို လုပ်လို့မရပါဘူး။

နွေအပြောင်းအရွှေ့မှာ ကျနော်တို့ ဘာပဲလုပ်လုပ် ဒီလူတွေဆီကနေ လုံလောက်ပြီလို့ အထင်ခံရမှာ မဟုတ်တာ သေချာတယ်။ ဒါကြောင့် ကျနော်တို့သိတဲ့ အရာတွေကို အခြေခံပြီးတော့ပဲ ဆုံးဖြတ်ရမှာပါ။ အဲ့အတိုင်းပဲ အတိအကျ လုပ်သွားမယ်” လို့ ကလော့ပ်က ပြောသွားခဲ့ပါတယ်။